မန္တလေးမြို့မှာ တကသများသပိတ်စစ်ကြောင်းက မေ ၂၁ ရက် ညနေပိုင်းမှာ ‘ဟွန်း သပိတ်’ ကို ပြန်လည်စတင်ခဲ့ကြပြီး ညနေတိုင်း ဟွန်းပြန်တီးကြဖို့ တိုက်တွန်းခဲ့ပါတယ်။
‘ဟွန်းတီးလို့ တော်လှန် မန္တလေးသားတွေရဲ့ အသံ’၊ ‘ဟွန်းတီးလို့ ပြန်ကြွ မန္တလေးသားတွေရဲ့ဇ’ စတဲ့ ကြွေးကြော်သံတွေနဲ့ ဆိုင်ကယ်/ကား ဟွန်းသပိတ်ကို ပြန်လည်စတင်ခဲ့ကြတာပါ။
မန္တလေး တကသများသပိတ်စစ်ကြောင်းမှ ကျောင်းသားတစ်ဦးက “အာဏာသိမ်းပြီး နွေဦးတော်လှန်ရေးစကတည်းက ဟွန်းသံတညံညံနဲ့ စစ်အာဏာဖီဆန်တဲ့ ကျုပ်တို့မြို့။ ဟွန်းသံနဲ့ ဆိုင်ကယ်အုပ်စုကြီးတွေ အခုထိမေ့ရသေးဘူး။ မန္တလေးနဲ့ ဆိုင်ကယ်၊ ဆိုင်ကယ်နဲ့ မန္တလေး ဆိုတာ ခွဲလို့မရပါဘူး။ လိုင်းပေါ်မှာ ဘာညာပုံတင်တဲ့ စထရိုက်ထက်စာရင် ဇရှိတဲ့ မန္တလေးသားတွေပီပီ ဟွန်းတီးသပိတ် ပြန်လည်ဆင်နွှဲကြမယ်ဗျာ။ ကျုပ်တို့ မန်းသားတွေ ညနေဆည်းဆာချိန် ရုံးပြန်ချိန်တိုင်းမှာ အသံကို နားစွင့်ပါ။ ရဲဘော်တစ်ယောက်က စလိုက်ရင် ကျုပ်တို့ အားလုံးညီကြမယ်ဗျာ။ ညနေဆည်းဆာချိန်တိုင်းမှာ အားလုံးဟွန်းအတူတူတီးလို့ စင်အာဏာကိုဖီဆန်ကြပါစို့” လို့ ပြောပါတယ်။
မန္တလေးမြို့လယ်ကောင် ၇၃ လမ်းပေါ်နဲ့ ၃၅ လမ်းပေါ်မှာ ဆိုင်ကယ်ဟွန်းတီးပြီး လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။