ပြည်လူလူထုတွေထံကနေ လျှပ်စစ်ဓာတ်အားခတွေ သတ်မှတ်နှုန်းထားနဲ့ သတ်မှတ်ချိန်အလိုက် ကောက်ခံရရှိရေး ဆောင်ရွက်ကြဖို့ အကြမ်းဖက်အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ညွှန်ကြားလိုက်ပါတယ်။
နေပြည်တော်မှာ မေ ၂၀ ရက်က ကျင်းပတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးမှာ စစ်ကောင်စီအဖွဲ့ဝင်တွေကို ပြောကြားခဲ့တာဖြစ်ပါတယ်။
ပြည်တွင်း စီးပွားရေးလုပ်ငန်းတွေကို အားပေးကြရမည်ဖြစ်ကြောင်း၊ စီမံခန့်ခွဲမှု ညံ့ဖျင်းပါက တိုင်းပြည်ဆင်းရဲသွားမည်ဖြစ်ကြောင်း၊ အဆင်းရဲဆုံး နိုင်ငံတွေစာရင်းမှ လွတ်မြောက်နိုင်ရန် အစိုးရ အဆက်ဆက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ တိုင်းပြည်အတွက် ရသင့်ရထိုက်တဲ့ အခွန်အခတွေ ရရှိအောင် ဆောင်ရွက်ရာမှာ နိုင်ငံတော်နဲ့ ပြည်သူ နှစ်ဦးနှစ်ဖက်အကျိုးရှိအောင် လုပ်ဆောင်ရန် လိုကြောင်းပြောကြားခဲ့တယ်လို့ စစ်ကောင်စီပြန်ကြားရေးက သတင်းထုတ်ပါတယ်။
ရပ်နားထားရတဲ့ နိုင်ငံပိုင် စက်ရုံအလုပ်ရုံတွေ ပြည်လည်လည်ပတ်နိုင်အောင် ဆောင်ရွက်ဖို့၊ ပြည်တွင်း ထုတ်ကုန်တွေလုံလောက်အောင်ထုတ်လုပ်ပြီး ပြည်ပသွင်းကုန်တွေလျှော့ချကာ နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြဖို့လည်း ပြောသွားပါတယ်။
အန်အယ်လ်ဒီအစိုးရလက်ထက်က ကိုဗစ်-၁၉ ကပ်ဘေးကြောင့် စီးပွားရေးအခက်အခဲနဲ့ ကြုံတွေ့နေရတဲ့ ပြည်သူတွေအတွက် မီတာခတွေ လျှော့ပေးခဲ့ပါတယ်။
အာဏာသိမ်း အကြမ်းဖက် စစ်အုပ်စုကို ဆန့်ကျင်တဲ့ အနေနဲ့ မီတာခတွေအပါအဝင် အခွန်တွေမပေးဆောင်ကြဖို့လည်း ပြည်သူတွေကတောင်းဆို လှုပ်ရှားမှုတွေပြုလုပ်နေကြပါတယ်။