ဒဂုံတက္ကသိုလ် ဓာတုဗေဒဌာနမှာ မေလ ၁၄ ရက်နေ့က ကျောင်းတက်ဖို့ ရောက်ရှိနေတဲ့ ကျောင်းသား ၁ ဦးနဲ့ သူငယ်ချင်း ၂ ဦးကို ဒဂုံတက္ကသိုလ်ထဲတပ်စွဲထားတဲ့ အကြမ်းဖက်အဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။
ဒီနေ့မနက် ၁၁ နာရီကျော်လောက်က ဒဂုံတက္ကသိုလ်ထဲ နားနေဆောင်အနီးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် အကြမ်းဖက်စစ်သားနဲ့ရဲတွေ ချက်ချင်းရောက်လာကာ နယ်မြေဝန်ထမ်း ထွန်းဇော်မြင့်ဆိုသူက ကျောင်းတက်နေတဲ့ ဓာတုဗေဒ စတုတ္ထနှစ်ကျောင်းသား နဲ့ သူ့ရဲ့ သူငယ်ချင်း ၂ ဦးလုပ်တာလို့ စွပ်စွဲသတင်းပေးတာကြောင့် ၁၂ နာရီလောက်မှာ အသီးသီးဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြတာလို့ ကျောင်းဝန်ထမ်းတစ်ဦးက ပြောခဲ့ပါတယ်။
ဖမ်းဆီးခံရသူ ၃ ဦးကို ကျောင်းထဲက တပ်စွဲထားတဲ့နေရာကို ခေါ်သွားပြီး ရိုက်နှက်စစ်ဆေးတာတွေ ပြုလုပ်ခဲ့ပြီးနောက် ဘယ်နေရာ ခေါ်သွားလဲဆိုတာတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုမင်းဟန်ထက်က "တက္ကသိုလ်နယ်မြေဆိုတာ ရဲ စစ်တပ်ဝင်ခွင့်မရှိတဲ့ နေရာဖြစ်တယ်။ အဲ့လိုနေရာကို စစ်တပ်က တပ်စွဲထားပြီး တက္ကသိုလ်နယ်မြေကိုပါ ခြယ်လှယ်လာတယ်။ လက်ရှိကာလမှာ တက္ကသိုလ်နယ်မြေဟာ လုံခြုံမှုမရှိတဲ့ အသက်အန္တရာယ်ကိုတောင် ဒုက္ခပေးလာတဲ့ နေရာဖြစ်နေပြီ။ အဲ့ဒီ့လို အသက်အာမခံချက်မရှိတဲ့ တပ်စွဲခံထားရတဲ့ တက္ကသိုလ်နယ်မြေကို ကျောင်းသားတွေအနေနဲ့ ကျောခိုင်းလိုက်ရမှာ ဖြစ်တယ်'' လို့ ပြောပါတယ်။
ဒဂုံတက္ကသိုလ်ကို ဖေဖော်ဝါရီနောက်ဆုံးပတ်ကတည်းက စစ်တပ်က ညဘက်မှာ လာရောက်တပ်စွဲထားတာဖြစ်ပါတယ်။