အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်၊ မန္တလေးတိုင်းအတွင်းရေးမှူး ဦးတင်ကိုကို ကို မေလ ၁၂ ရက်နေ့က အိုးဘိုထောင်တွင်း တရားရုံးထုတ်ခဲ့ပြီး နောက်ထပ် အမှုတစ်ခုထပ်တိုးခဲ့တယ်လို့ မိသားစုထံက သိရပါတယ်။
ဦးတင်ကိုကို ကို ဖေဖော်ဝါရီ ၁ ရက်နေ့ မနက် လေးနာရီခန့်ကတည်းက အာဏာသိမ်း စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပြီး ယင်းအချိန်ကတည်းက ရွေးကောက်ပွဲကာလ မဲဆွယ်စည်းရုံးရာမှာ လူစုလူဝေးဖြစ်စေတယ်ဆိုပြီး သဘာဝဘေးအန္တရာယ်ပုဒ်မ ၂၅ နဲ့ တရားစွဲဆို ထားခဲ့တယ်လို့ သိရပါတယ်။
မေလ ၁၃ ရက်နေ့ အိုးဘိုထောင်အတွင်း ရုံးထုတ်ရာမှာတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၈ ရက်၊ ရွေးကောက်ပွဲပြုလုပ်တဲ့နေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မန္တလေးတိုင်းဒေသကြီး ပါတီ ရုံးရှေ့မှာ လူစုလူဝေးဖြစ်အောင် ဖိတ်ခေါ် ခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဦးတင်ကိုကို အား သဘာဝဘေးအန္တရာယ်ပုဒ်မ ၂၅ နဲ့ ထပ်မံ စွဲဆိုခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
နိုဝင်ဘာလ ၈ ရက်၊ ရွေးကောက်ပွဲပြုလုပ်တဲ့နေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မန္တလေးတိုင်းဒေသကြီး ပါတီရုံးရှေ့မှာ မဲဆန္ဒရှင် လူထုက လာရောက် အောင်ပွဲခံခဲ့ကြပြီး ကိုဗစ်ကာလ ဖြစ်တဲ့အတွက် လူစုလူဝေး မပြုလုပ်ကြဖို့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကိုယ်တိုင် လူထုကို နှင်လွှတ်ခဲ့တာလည်း ဖြစ်ပါတယ်။
အာဏာသိမ်း စစ်ကောင်စီဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ် အပါအဝင်၊ ပါတီအတွင်း ဦးဆောင်သူတွေကို မတရားလိုက်လံ ဖမ်းဆီးတာတွေ လုပ်ဆောင်နေသလို ဖမ်းဆီးထားသူတွေကို အိုးဘိုထောင်အတွင်း အကျဉ်းချထားပြီး ဆိုင်ရာ မိသားစုတွေနဲ့လည်း တွေ့ခွင့်မပေးဘူးလို့ သိရပါတယ်။
ဖမ်းဆီးခံထားရတဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နဲ့ ဝန်ကြီးတချို့ အပါအဝင် တိုင်းပါတီ အတွင်းရေးမှူးတို့ကို ထောင်တွင်း ရုံးထုတ်စဉ်ကတည်းက ပေတစ်ရာ ခန့် အကွာကသာ မိသားစုဝင်တွေဟာ မြင်တွေ့ကြရပြီး အခုအချိန်မှာတော့ အဆိုပါ မြင်တွေ့နိုင်မယ့်နေရာတွေကိုပါ ကာရံထားလိုက်တာကြောင့် မည်သူ့ကိုမှ မြင်တွေ့ခွင့် မရတော့ဘူးလို့ သိရပါတယ်။