ကချင်ပြည်နယ်၊ ဖားကန့်မြို့နဲ့ လုံးခင်းကျေးရွာတို့မှာ မေလ ၁၂ ရက် မနက် အစောပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေမှာ ပါဝင်သူ အမျိုးသား ၁ ဦးနဲ့ လက်ဖက်ရည်ဆိုင်ပိုင်ရှင် အမျိုးသမီး ၁ ဦးတို့ကို အကြမ်းဖက် ရဲတပ်ဖွဲ့က ဖမ်းဆီးသွားပါတယ်။
အေးမြသာယာသပိတ်စစ်ကြောင်းက ကိုဆံရှည်(ခ)ကိုသက်နိုင် ကို ဒီနေ့မနက် သပိတ်စစ်ကြောင်းမထွက်ခင်မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သလို၊ လုံးခင်းကျေးရွာရှိ ရာစုသစ်လက်ဖက်ရည်ဆိုင်ပိုင်ရှင် အမျိုးသမီးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ရွာသားတွေက ပြောပါတယ်။
လုံးခင်းရွာသားတစ်ဦးက “ကြွေးကြော်သံတွေ လက်ဖက်ရည်ဆိုင်ရှေ့မှာကပ်တယ်ဆိုပြီး လာဖမ်းသွားတာ။ လက်ဖက်ရည်ဆိုင်ဆိုတော့ လူတကာ လာကပ်တာပဲလေ။ မကပ်နဲ့လို့ ပြောရင်လည်း ဒလန်လို့ အထင်ခံရရင် သူတို့လုံခြုံရေးကို အဲဒီဖမ်းတဲ့စစ်ခွေးတွေက တာဝန်ယူပေးမှာမို့လား”လို့ ပြောပါတယ်။
ဖားကန့်မှာ မနေ့ကလည်း ဆန္ဒပြရာမှာ ဦးဆောင်သူလို့ ထင်ကြေးနဲ့ ရွာသား ၁၀ ယောက်ကျော်ကို စစ်တပ်ကဖမ်းဆီးခဲ့ပါတယ်။ ဖမ်းဆီးရာမှာ အိမ်ရှင်အမျိုးသားကိုမတွေ့လို့ အမျိုးသမီးနဲ့ ကလေးငယ်တွေကို ဖမ်းဆီးတွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖားကန့်မြို့နယ်မှာ သတင်းထောက် တစ်ဦးအပါအဝင် စစ်အာဏာရှင်ဆန့်ကျင်လှုပ်ရှားသူ ၄၀ ဆယ်ကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲမှာ ကလေးငယ် ၈ ဦး၊ အမျိုးသမီး ၄ ဦးတို့ပါဝင်ပြီး အများစုကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။