Home
မြန်မာသတင်း
ကေအန်ယူနှင့် BGF တပ်များ တိုက်ပွဲဖြစ်
DVB
·
May 10, 2021

ကရင်အမျိုးသားအစည်းအရုံး KNU/KNLA တပ်မဟာ (၅)နဲ့ စစ်ကောင်စီလက်အောက်ခံ BGFတပ်တို့  မေလ ၉ ရက်နေ့က  တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ကေအန်ယူဘက်က  ပြောပါတယ်။

ကမမောင်းအနီး၊ တံတားဦးဘက်မှာ မနေ့က ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး အထိအခိုက်၊ အကျအဆုံး ရှိမရှိကိုတော့ မြေပြင်သတင်းမရသေးဘူးလို့ KNU/KNLA တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စောကလယ်ဒို့က ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ BGF တပ်တွေဟာ ကမမောင်းအထက်ဘက်မှာရှိတဲ့ တံတားဦးမှာ  သံလွင်ကိုဖြတ်ကူးပြီး ဒီဘက်ကို ရောက်ရှိလာတာကြောင့် KNLA တပ်ဖွဲ့ဝင်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာ ဖြစ်နိုင်တယ်လို့ သူက ပြောပါတယ်။

BGF အနေနဲ့ ပြည်သူ့ဘက်ကရပ်တည်ပြီး ကေအန်ယူနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ မလုပ်တောင် ကိုယ့်နေရာမှာပဲ ကိုယ်နေဖို့လိုတယ်လို့ ဒုဗိုလ်မှူးကြီးစောကလယ်ဒို့က သတိပေးပါတယ်။

“BGFကျတော့ စစ်ကောင်စီလက်အောက်မှာ နေရတဲ့အပေါ်မှာ အခုလို ပြည်သူတွေက စစ်ကောင်စီကို မထောက်ခံတဲ့အပေါ်မှာ သူတို့အနေနဲ့လည်း မထောက်ခံဖို့ လိုအပ်တာပေါ့နော်။ ပြည်သူတွေဘက်က ရပ်တည်ပြီးတော့ ကျနော်တို့နဲ့လာပြီးတော့ ပူးပေါင်းမယ်ဆိုရင်လည်း ပူးပေါင်း။ မပူးပေါင်းပေမယ့်လည်း ကိုယ့်နေရာမှာ ကိုယ်နေပြီးတော့ ပြည်သူကို ထောက်ခံပြီးတော့ ကိုယ့်နေရာမှာပဲ ကိုယ်နေပြီးတော့ စစ်ကောင်စီရဲ့ အမိန့်ပေးတာကို မလိုက်နာဖို့ လိုအပ်တယ်။”

ဒီနေ့ ထိတွေ့တိုက်ပွဲဖြစ်ပွားတာမရှိသေးပေမယ့် တပ်မဟာ (၅) ထိန်းချုပ်နယ်မြေထဲကို အင်အားတိုးချဲ့တာတွေ လုပ်လာဦးမယ်ဆိုရင်တော့ တိုက်ပွဲတွေ ပြင်းထန်လာနိုင်တယ်လို့ ဒုဗိုလ်မှူးကြီး စောကလယ်ဒို့က ပြောပါတယ်။ ဒီအခြေအနေတွေနဲ့ပတ်သက်လို့ BGF အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူကို ဖုန်းနဲ့ဆက်သွယ်မေးမြန်းနေပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024