မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ၁၁၉ လမ်း၊ ၆၃ လမ်း နဲ့ ၆၄ ကြားမှာ မေလ ၉ ရက်နေ့ မနက်ပိုင်းက ရတနာပုံတက္ကသိုလ် ကျောင်းသားကျောင်းသူများစစ်ကြောင်း ဆန္ဒပြအပြီးအပြန် အရပ်ဝတ်တွေနဲ့ လိုက်လံပစ်ခတ်ခံရတယ်လို့ သိရပါတယ်။
အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်တွေဟာ အိမ်စီးကားနဲ့ လိုက်လံပစ်ခတ်တာ ဖြစ်ပြီး ပြည်သူတွေရဲ့ အိမ်စီးကားတစ်စီး ကျည်ထိမှန်ခဲ့ပါတယ်။
“Mark2 နဲ့ လိုက်လာပြီး ကျနော်တို့ကို ကျော်တက်ပြီးတာနဲ့ သေနတ်တွေနဲ့ ဆင်းပစ်တာ။ ကျနော်တို့အဖွဲ့က ကား ၃ စီး၊ ကျနော်တို့ကားက ရှေ့ဆုံးက။ သူတို့ကပိတ်တော့ ဘေးကနေ ဖြတ်မောင်းတာ ကျနော်တို့က လွတ်တယ်။ နောက်က Alphard က ပြန်လှည့်တာ။ ဒါကို တရစပ်ပစ်တယ်” လို့ ကိုယ်တိုင်ကြုံတွေ့သူ လူငယ်တစ်ဦးက ပြောပါတယ်။
ဒီလိုပစ်ခတ်ပေမယ့် ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ပါဘူး။ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်တွေကတော့ ပြည်ကြီးတံခွန်မြို့မရဲစခန်းထဲ အိမ်စီးကားနဲ့ ဝင်သွားတယ်လို့ သိရပါတယ်။