စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ကံသစ်ကျေးရွာမှာ မေလ ၃ ရက် ညပိုင်းက စစ်ကောင်စီ ခန့်ထားတဲ့ အုပ်ချုပ်ရေးမှူးနေအိမ်မှာ လက်လုပ်ဗုံးပေါက်ကွဲမှုဖြစ်ပြီး နေအိမ်ခေါင်မိုး ပွင့်ထွက်သွားခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ပေါက်ကွဲမှုဖြစ်ပြီးနောက် အုပ်ချုပ်ရေးမှူးဟာ ခင်ဦးမြို့ပေါ်ရှိ စစ်တပ်ထံ ဖုန်းဆက် သတင်းပေးခဲ့တဲ့အတွက် ည ၁၂ နာရီခွဲမှာ ရဲနဲ့စစ်သားတွေ သေနတ်ပစ်ဖောက်ကာ ရွာကိုရောက်ရှိလာတာကြောင့် တစ်ရွာလုံး ကြောက်လန့်ပြီး ရွာသားတွေ တောထဲ ထွက်ပြေးကြရတယ်လို့ ထွက်ပြေးတိမ်းရှောင်နေသူတွေက ပြောပါတယ်။
စစ်သားတွေက လူမရှိတဲ့ နေအိမ်တွေမှာ ဝင်ရောက်ရှာဖွေခဲ့ပြီး ဒီကနေ့မနက်၅နာရီမှာ ပြန်သွားပေမဲ့ မနက် ၉ နာရီမှာ ရွာကို နောက်တကြိမ်ပြန်လာခဲ့ကြပါတယ်။
“ဗုံးဖောက်တဲ့ကိစ္စက ရွာသားတွေ လုပ်တာလား၊ အုပ်ချုပ်ရေးမှူးက သူကိုယ်တိုင် လုပ်ကြံခဲ့တာလားဆိုတာ သံသယဝင်စရာရှိနေပါတယ်။ လက်ရှိမှာတော့ သူတို့ ပြန်လာဦးမယ်ဆိုတဲ့ သတင်းကြောင့် ခုထိ ရွာထဲကို ပြန်မဝင်ရသေးလို့ ရွာသားတွေ ထမင်းတောင် ကောင်းကောင်းမစားရသေးပါဘူး” လို့ ထွက်ပြေးတိမ်းရှောင်နေသူ ရွာသားတစ်ဦးက ပြောပါတယ်။
အကြမ်းဖက်စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေ ထပ်ရောက်လာမယ်လို့ သတင်းပြန့်နေတာကြောင့် ရွာသားတွေအနေနဲ့ တောထဲမှာ ရှောင်ပုန်းနေရဆဲ ဖြစ်ပါတယ်။