မအလတပ်ရဲ့ သရုပ်သကန် (ဆောင်းပါး-အပိုင်း ၂)

ဗိုလ်ချုပ်များရဲ့နှိပ်ကွပ်မှုနဲ့ မြန်မာတွေသွားနေတဲ့လမ်းကြောင်း

အပိုင်း (၁) မှာ တပ်ရဲ့ သရုပ်သကန်တချို့ကို ဖော်ပြခဲ့တာ ဖြစ်တယ်။ ဒီအကြောင်းအရာဟာ နှစ် ၆၀ လောက်အတွင်း ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေ ဖြစ်လို့ ဘွဲ့ယူစာတမ်းတစ်စောင်လောက်အထိ ရေးလို့ရနိုင်တာ ဖြစ်တယ်။

အပိုင်း (၁) မှာ ဖော်ပြပါအတိုင်း နဝတ လက်ထက်မှာ ဗိုလ်ချုပ်နေဝင်းထက်သာတဲ့ ရာထူးမျိုးလိုချင်လာတဲ့အထိ စစ်ခေါင်းဆောင်တွေ လောဘတက်လာတာ ဖြစ်တယ်။ ဒါကြောင့် ဗိုလ်ချုပ်မှူးကြီးဆိုတဲ့ ရာထူးကို ဖန်တီးဖို့ တပ်ရင်းပေါင်း ၃၀၀ ကျော်ရှိတဲ့ စစ်တပ်ကို တပ်ရင်း ၅၀၀ ကျော်အထိ တိုးချဲ့ဖွဲ့စည်းခဲ့တာပါ။

ဒါပေမဲ့ တပ်သားသစ်က မမှန်ကန်တဲ့နည်းမျိုးစုံသုံးပြီး စုဆောင်းတာတောင် ထပ်ဝင်တာ သိပ်မရှိတဲ့အတွက် တပ်သားအင်အားက မပြည့်ပါဘူး။ ဖွဲ့စည်းပုံအရ တပ်ရင်းတစ်ရင်းမှာ အရာရှိ ၂၇ ယောက်အပြည့်ရှိပေမဲ့ တပ်သားအင်အားက ၁၉၈၀ ပြည့်နှစ်လောက်အထိ ၃၀၀ လောက်ရှိခဲ့ပေမဲ့ အခု နောက်ပိုင်းမှာ ၁၅၀ လောက်ပဲရှိတော့တာ ဖြစ်တယ်။ ဒီ ၁၅၀ က ရှေ့တန်းထွက်တဲ့အချိန်မှာ သင်တန်းတက်၊ ခွင့်ယူအကြောင်းအမျိုးမျိုးကြောင့် ၁၂၀ လောက်သာရှိပြီး ရှေ့တန်းကို တကယ်ရောက်တဲ့အချိန်မှာ တပ်ပြေး၊ အရေးပေါ်တပ်ပြောင်း၊ ဆေးခွင့် စတာတွေ ထပ်လျော့တဲ့အတွက် အင်အား ၁၀၀ လောက်သာ ရှိတာ ဖြစ်တယ်။

အရာရှိအပြည့်ရှိတဲ့အကြောင်းရင်းက နဝတလက်ထက်မှာ ဗိုလ်တစ်ထောင် စီမံကိန်းဆိုပြီး ယခင် DSA မှာ အယောက် ၄၀၀ ၊ ၅၀၀ လောက် ခေါ်ရာက ဗထူး၊ မှော်ဘီ စတဲ့ နေရာတွေမှာ ထပ်ဖွင့်တဲ့ ဗိုလ်သင်တန်းတွေကနေ ၃၀၀၀ လောက်အထိ မွေးထုတ်ခဲ့တာဖြစ်တယ်။ အခြားအဆင့်တွေကိုလည်း အများအပြား ဗိုလ်သင်တန်းတက်စေပြီး ဗိုလ်ကြီး၊ ဗိုလ်မှူးအဆင့်လောက်မှာ အရပ်ဘက်ကို အများအပြား ပြောင်းစေကာ ဝန်ထမ်းလောကကိုပါ တပ်ထွက်တွေအားလုံး အုပ်စီးမိစေဖို့ အကြံကြီးကြီးနဲ့ လုပ်ခဲ့တာ ဖြစ်တယ်။

ဒါကြောင့် မအလတပ်ဟာ အရာရှိအပြည့်ရှိပေမဲ့ တပ်စိတ်တစ်စိတ်မှာ တပ်သား သုံးယောက် လောက်ပဲ ရှိနေတာပါ။ တိုက်ပွဲတွေမှာ ယခင်ကဆိုရင် ရဲဘော် ၇ ယောက်မှ  ၁၀ ယောက်လောက်ကျမှ အရာရှိတစ်ယောက် ကျဆုံးပေမဲ့ အခု ရဲဘော် နှစ်ယောက်ကျရင် အရာရှိတစ်ယောက်နှုန်းလောက် ကျနေတာ ဖြစ်တယ်။

အခု KIA နဲ့ တိုက်ပွဲတွေမှာ တပ်ရင်းမှူးအဆင့်၊ ဗျူဟာမှူးအဆင့်တွေအထိ အလွယ်တကူ ကျဆုံးနေတာ ဒီအကြောင်းရင်းကြောင့်ပါပဲ။ အရင်ကလို အတွေ့အကြုံရှိတဲ့ တပ်ကြပ်ကြီးတွေ၊ အရာခံဗိုလ်တွေ ဒီခေတ်မှာ သိပ်မရှိတော့ပါဘူး။ စိတ်ဓာတ်ရေးရာကလည်း သုညအထိ ကျဆင်းနေတာ ဖြစ်တယ်။ အခု မြို့ကြီးတွေမှာ လာပြီးတပ်စွဲနေတဲ့ စစ်သားတွေသာ စစ်ဝတ်အင်္ကျီ၊ ဘောင်းဘီအပြည့်အစုံရှိပေမဲ့ ရှေ့တန်းတောင်ကုန်းတွေမှာရှိတဲ့ တပ်တွေကတော့ အားကစားဘောင်းဘီတို၊ ညှပ်ဖိနပ်နဲ့ ခြင်းကြားကျောပိုးပြီး စုတ်ပြတ်နေတာ တွေ့ရမှာပါ။ ဒီလို ပေယျာလကန်ထားခံနေရတဲ့ စတင်းဒတ်အာမီကြီးက စစ်သားတွေမှာ စိတ်ပိုင်းဆိုင်ရာပြဿနာတွေ အများကြီးဖြစ်နေမှာ အသေအချာပါပဲ။ ဒါကြောင့်ပဲ မြို့ကြီးပြကြီးတွေ ရောက်ချိန်မှာ ခိုးဆိုးလုယက်ကြတာ မဆန်းတော့တာ ဖြစ်ပါတယ်။ ပြဿနာကတော့ မြန်မာပြည်ကို ဒီမိုကရေစီတည်ဆောက်ပေးမယ်ဆိုပြီး မဖွယ်မရာ ကြံစည်နေတဲ့တပ်ဟာ အဲသလိုမျိုးဆိုတာကို နိုင်ငံတာက သိပုံမရကြတာပါပဲ။ အထူးသဖြင့်တော့ အာဆီယံနိုင်ငံတွေက မြန်မာပြည်တွင်းက တကယ့်အဖြစ်မှန်တွေကို သိရှိဖို့ လိုနေတာဖြစ်ပါတယ်။

မြန်မာ့တပ်မတော်ဟာ ၁၉၆၂ ခုနှစ်မှာ လက်ဝဲနိုင်ငံရေးသမားတွေကို ယှဉ်ပြိုင်လိုတဲ့စိတ်နဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ဆိုတာကို ဖော်ဆောင်ပြီး တိုင်းပြည်ကို LDC နိုင်ငံအဖြစ် အထီးကျန် ကျရောက်စေခဲ့တယ်။ ၁၉၉၀ အလွန်မှာ တစ်ကမ္ဘာလုံး ဒီမိုကရေစီသို့ ကူးပြောင်းချိန်မှာ စစ်တပ်က အာဏာသိမ်းယူခဲ့ပြီး ဒေသတွင်းနာမည်အပျက်ဆုံး၊ ယှဉ်ပြိုင်နိုင်စွမ်း အနိမ့်ဆုံးအဖြစ် ကျရောက်စေခဲ့တယ်။ ဒီနောက်မှာတော့ တပ်ဟာ နိုင်ငံတော်အာဏာရော စီးပွားရေးမှာပါ တစ်ဝက်ကျော် ရယူထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ပြဋ္ဌာန်းပြီး ဒီမိုကရေစီစနစ်ကို သူပဲ ဦးဆောင်နိုင်တယ်ဆိုပြီး လုပ်ပြန်တယ်။ ၂၀၁၀ ကစလို့ စစ်တစ်ပိုင်း ဒီမိုကရေစီဘဝနဲ့ ဖြတ်သန်းတာတောင် တိုင်းပြည်က အတော်တိုးတက်လာတာဖြစ်တယ်။ အထူးသဖြင့် NLD အစိုးရလက်ထက် တိုးတက်မှုက သိသာလှတာဖြစ်တယ်။

NLD အစိုးရလက်ထက် နောက်ဆုံးအခြေအနေမှာ GDP ဖွံ့ဖြိုးနှုန်း ၆% လောက် ရှိတယ်။ ၂၀၂၀ ပြည့်နှစ်ကိုဗစ်ကာလ ဖြတ်သန်းချိန်မှာတောင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၅ ဒသမ ၇ ဘီလီယံရှိခဲ့တာ ဖြစ်တယ်။ အာရှတိုက်ရဲ့ GDP ဖွံ့ဖြိုးနှုန်းအပေါင်းလက္ခဏာရှိတဲ့ နိုင်ငံ သုံးနိုင်ငံ (တရုတ်၊ ဗီယက်နမ်) မှာ ပါဝင်ခဲ့တယ်။

၂၀၂၁ အတွက် ကမ္ဘာ့ဘဏ်ရဲ့ ခန့်မှန်းမှုက မြန်မာဟာ GDP Growth ၆ ဒသမ  ၈ ရာခိုင်နှုန်း လောက်အထိ ရှိမှာ ဖြစ်တယ်။ ဒါပေမဲ့ အခု သုံးလတာကာလအတွင်း စီးပွားရေးအတွင်း GDP ဖွံ့ဖြိုးနှုန်းဟာ အနုတ် ၂၀ ရာခိုင်နှုန်းလောက်အထိ ကျဆင်းသွားတော့မှာ ဖြစ်တယ်။ ဒါဟာ ကာလတိုကလေးအတွင်းတွေ့ရတဲ့ စစ်တပ်အာဏာသိမ်းမှုရဲ့ အကျိုးဆက်ဖြစ်ပါတယ်။ စစ်တပ်သာ အာဏာခိုင်မြဲ သွားခဲ့မယ်ဆိုရင် တိုင်းပြည်အခြေအနေဟာ မမျှော်မှန်းနိုင်လောက်အောင် ကျဆင်းသွားမှာ အသေအချာပဲ ဖြစ်ပါတယ်။

အဲဒီ ခိုင်မြဲသွားမယ့်အာဏာဟာ ရိုးရိုးစစ်အာဏာရှင်စနစ် မဟုတ်ဘဲ စစ်ပဒေသရာဇ် အာဏာ ဖြစ်တယ်ဆိုတာသိဖို့ လိုတာဖြစ်တယ်။ စစ်တပ်တွင်း အမိန့်နာခံမှုဟာ သာမန်မဟုတ်ဘဲ သခင်နဲ့ကျွန်နာခံရေး၊ ဘုရင်နဲ့နယ်စားပယ်စား နာခံရေးပုံစံမျိုး ထူထောင်ထားတာဖြစ်တယ်။ အဲဒီဆက်ဆံရေးနဲ့ အမျိုး၊ ဘာသာ၊ သာသနာ အယူအဆပေါင်းစပ်လိုက်တဲ့အခါမှာ မြန်မာနိုင်ငံရှိ တိုင်းရင်းသားအားလုံးအပေါ် နှစ် ၇၀ လောက် ကုပ်ခွစီးထားတဲ့ အာဏာရှင်စနစ်တစ်မျိုး ဖြစ်လာတာပါပဲ။

မြန်မာပြည်သူတွေရော၊ တိုင်းရင်းသားလက်နက်ကိုင်တွေအားလုံးကပါ ဒီအခြေအနေကို နားလည်ကြတာ ဖြစ်တယ်။ ဒါကြောင့် အခု အခြေအနေဟာ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး မကြုံစဖူး စည်းလုံးညီညွတ်နေချိန် ဖြစ်လာပါတယ်။ စစ်အာဏာရူးတစ်သိုက်ဟာ ဖက်ဒရယ် ဒီမိုကရေစီ အတွက်သာမက မြန်မာနိုင်ငံရဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်း ဖွံ့ဖြိုးတိုးတက်မှုအားလုံးအတွက် တစ်ခုတည်းသောကြီးဆုံး အတားအဆီးကြီး ဖြစ်တယ်ဆိုတာ အားလုံးက အမြင်တူလာချိန် ဖြစ်ပါတယ်။

နိုင်ငံတကာ ပညာရှင်ဆိုသူအချို့ ထင်သလို စစ်တပ်မရှိရင် တိုင်းပြည် အစည်းပြေသွားနိုင်တယ် ဆိုတာ မဟုတ်ပါဘူး။ စစ်တပ်မရှိမှ (သို့) စစ်တပ်ကို အကြီးစားပြုပြင်ပြောင်းလဲပြီး ဖက်ဒရယ်အာမီ ထူထောင်နိုင်မှ တိုင်းပြည်က အကျပ်အတည်းအားလုံးက ကျော်လွှားနိုင်မှာ ဖြစ်တယ်။ နိုင်ငံတကာက ပြည်တွင်းစစ်ကို စိုးရိမ် နေကြပေမဲ့ နိုင်ငံသားတွေက စစ်ကို နှစ်ပေါင်း ၇၀ လောက် ကြုံခဲ့ရပြီးပြီမို့ ဒါထက်ကြီးတဲ့ စစ်ပွဲဖြစ်လာရင်လည်း နောက်တွန့်မှာ မဟုတ်တော့တဲ့ အခြေအနေဖြစ်နေပါတယ်။ ဒါဟာ ထူးဆန်းတယ်လို့ ဆိုနိုင်ပေမဲ့ ပြည်သူအားလုံးရဲ့ လိုလားချက်က စစ်အာဏာရှင်စနစ် ပျက်သုဉ်းရေး၊ စစ်တပ်ကို နိုင်ငံရေးက အပြီးတိုင် ဆုတ်ခွာရေးပဲ ဖြစ်တယ်။

အခု အာဆီယံရဲ့ ကြေညာချက်က အားရစရာမရှိပါဘူး။ နှစ်ဖက်အကြမ်းဖက်မှုတွေ ရပ်စဲ ရမယ်ဆိုတာက လူထုကအကြမ်းဖက်လို့ စစ်တပ်က နှိမ်နင်းရတယ်ဆိုတဲ့ အလိမ်အညာကို အာဆီယံကပါ နားယောင်နေတဲ့သဘောပါ။ CNN သတင်းထောက်က ဒီလိုအလိမ်အညာတွေကို ကောင်းကောင်း သဘောပေါက်ပေမဲ့ အာဆီယံက ပေါက်တဲ့ လက္ခဏာမတွေ့ရပါဘူး။ ဒါကြောင့် အာဆီယံရဲ့ စေ့စပ်ညှိနှိုင်းမှုအပေါ် မြန်မာပြည်သူတွေက အားထားနေမှာ မဟုတ်ပါဘူး။

ပြဿနာတွေက အင်မတန်ရှုပ်ထွေးပေမဲ့ အတိုချုပ်ပဲ ပြောပါမယ်။ မြန်မာနိုင်ငံဟာ သူတို့ရဲ့ မဟာဗျူဟာမဟာမိတ်ဖြစ်တယ်လို့ တရုတ်နဲ့ ရုရှားက ပြောနေတာဟာ အလကား မဟုတ်ပါဘူး။ မြန်မာအရေးဟာ အရှေ့တောင်အာရှဒေသအတွင်း တရုတ်ရဲ့ လွှမ်းမိုးလိုမှု၊ ရုရှားနဲ့တစ်ကျော့ပြန် စခန်းချလိုမှုတွေ ဒီမိုကရေစီကြားက ပြဿနာဖြစ်နေပါတယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီကျဆုံးမှုဟာ အာဆီယံထဲက အာဏာရှင်တပိုင်းနိုင်ငံတချို့အတွက် ပြဿနာမကြီးပေမဲ့ ဒီမိုကရေစီမဏ္ဍိုင်ဖြစ်တဲ့ အနောက်ကမ္ဘာအတွက် အန္တရာယ်တစ်ခု ဖြစ်ပါတယ်။ ဒီအချက်ကို လေးနက်ဖို့လိုတာဖြစ်ပြီး မြန်မာ့အရေးကို အချိန်မဆိုင်းဘဲ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်အောင် ဖြစ်နိုင်တဲ့နည်းလမ်း ပေါင်းစုံနဲ့ ကူညီကြဖို့ အချိန်ကျရောက်နေတာ ဖြစ်ပါတယ်။

နွေဦးသစ်လူ

မအလတပ်ရဲ့ သရုပ်သကန် (အပိုင်း ၁ ) Link>>> http://burmese.dvb.no/archives/460205

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up