ရွေးကောက်ခံပြည်သူ့အစိုးရခေါင်းဆောင်များကို စစ်တပ်က ဖမ်းဆီးကာ နိုင်ငံတော်အာဏာကို မတရားသိမ်းယူခဲ့မှု ၃ လပြည့် အဖြစ် ဂျပန်ရောက်မြန်မာနိုင်ငံသားတွေက တိုကျိုမြို့ရှိ ကုလသမဂ္ဂရုံးရှေ့မှာ မေ ၁ ရက်က ဆန္ဒပြခဲ့ကြပါတယ်။
ဖေဖော်ဝါရီ ၁ ရက်ကစလို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်အပါအဝင်ရွေးကောက်ခံအစိုးရခေါင်းဆောင်တွေကို စစ်တပ်က မတရား ဖမ်းဆီးခဲ့တာဟာ ဒီနေ့ဟာဆို ၃လ ပြည့်ပြီဖြစ်ပါတယ်။
ဒီနေ့ဆန္ဒပြပွဲမှာ မြန်မာနိုင်ငံသားတွေအပြင် ဂျပန်လွှတ်တော်အမတ်တွေနဲ့ ဂျပန်အန်ဂျီအိုတွေလည်းလာ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
ဦးဆောင်သူ တစ်ဦးဖြစ်တဲ့ မိုင်ကျော်ဦးက “အကြမ်းဖက်စစ်ကောင်စီ အာဏာသိမ်းခဲ့တဲ့ ၃လတာ ကာလမှာ သေဆုံးသူ ပြည်သူ ၇၅၀ ကျော်ရှိပြီ။ မြန်မာပြည်သူတွေရော ဂျပန်အပါအဝင် နိုင်ငံတကာကလည်း လက်မခံဘူး။ ဒါကြောင့် အခုလို ဂျပန်ရောက်မြန်မာနိုင်ငံသားတွေက ဂျပန်အမတ်တွေ အန်ဂျီအိုတွေနဲ့ပူး ပေါင်းဆန္ဒပြကြတာ” လို့ ဆိုပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီးဦးဝင်းမြင့်အပါအဝင် ဖမ်းဆီးခံထားရသူအားလုံး အမြန်ဆုံးလွှတ်ပေးဖို့နဲ့ ကုလသမဂ္ဂအနေနဲ့ အကြမ်းဖက်စစ်ကောင်စီက
နိုင်ငံတကာဥပဒေကို ချိုးဖောက်ပြီး တိုင်းရင်းသားဒေသတွေမှာ တိုက်လေယာဉ်တွေ သုံးပြီး ဗုံးကြဲ သတ်ဖြတ်နေတာကို ရပ်တန့်ပေးဖို့ လာရောက်တောင်းဆိုတာပါလို့လည်း ဒေါ်မရစ်ဆိုင်းဘူးက ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောက်ရှောက်ရေးအသင်း AAPP ထုတ်ပြန်ချက်အရ အာဏာသိမ်းစစ်ကောင်ရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် နွေဦးတော်လှန်ရေးအတွင်း သေဆုံးသူပြည်သူ ၇၅၉ ဦး နဲ့ ဖမ်းဆီးခံရသူ ၃၅၀၀ ခန့်ရှိပြီး ၁၃၁၆ ဦး ဖမ်းဝရမ်းထုတ်ထားတယ်လို့ သိရပါတယ်။
တိုကျိုက ဒီနေ့ဆန္ဒပြပွဲမှာ ဂျပန်လွှတ်တော်အမတ်မစ္စတာ အီရှီဘရှိနဲ့ ဂျပန်ရောက်မြန်မာ တိုင်းရင်းသားတွေစုစုပေါင်း ၅၀၀ လောက်ပါဝင် လာရောက်ခဲ့ပြီး ဖမ်းဆီးခံနိုင်ငံရေး အကျဉ်းသားများကို အမြန်ဆုံး လွှတ်ပေးဖို့နဲ့ အကြမ်းဖက်စစ်ကောင်စီ အလိုမရှိဆိုပြီး ကြွေးကြော် ဆန္ဒပြခဲ့ကြပါတယ်။