ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်အတွင်းက မန်စေအုပ်စုနဲ့ မန်စေခွန်ကျေးရွာအုပ်စုမှာ ခုရက်ပိုင်း တောမီးလောင်မှု ၂ နေရာမှာ ဆက်တိုက်ဖြစ်နေတယ်လို့ ပူတာအိုဒေသခံတစ်ဦးက ပြောပါတယ်။
ပူတာအိုဒေသခံတွေအတွက် အထင်ကရနေရာတစ်ခုဖြစ်တဲ့ နမ်လယ်ဆုံ ဆုတောင်းတောင်သို့ သွားရာ တောင်ကုန်းတစ်ကျောနဲ့ တထိန်ဒမ်းရွာ မြောက်ဘက်ရှိ တောင်တစ်လုံးတို့မှာ မီးလောင်မှု ဆက်တိုက်ဖြစ်တယ်လို့ တထိန်ဒမ်းရွာခံတစ်ဦးက ပြောပါတယ်။
“တောမီးလောင်တဲ့နေရာက ကျနော်တို့တထိန်ဒမ်းရွာရဲ့မြောက်ဘက်မှာရှိတဲ့တောင်မှာ ဧပြီလ ၃၀ ရက် နေ့လယ်လောက်က စလောင်တာ။ ခုချိန်ထိ မီးမငြိမ်းသေးဘူး။ ပြီးတော့ ဘာလို့ မီးလောင်တယ်ဆိုတာ ဘယ်သူမှသွားမကြည့်ဘူး။ တကယ်ဆို သစ်တောဌာနတာ၀န်ရှိသူတွေက သွားကြည့်ပြီး မီးငြှိမ်းသင့်ရင် ငြှိမ်းရမှာပါ” လို့ ဒေသခံက ပြောပါတယ်။
ဧပြီ ၂၈ ရက်နေ့ကစပြီး နမ်လယ်ဆုံ ဆုတောင်းတောင်သွားတဲ့ တောင်ကုန်းတကြောမှာလည်း ၃ ရက်ကြာ မီးလောင်မှုကြီး ဖြစ်သွားတယ်လို့ ဆန်ဂေါင်ရွာခံတစ်ဦးက ပြောပါတယ်။
“နမ်လယ်ဆုံဆုတောင်းတောင်သွားတဲ့ လမ်းတကြောမှာ တောမီးလောင်တာ ၃ ရက်ရှိသွားတယ်။ တောမီးလောင်နေတဲ့ နေရာ၀န်းကျင်မှာ ဒေသခံတချို့က ပူတာအိုဒေသရဲ့ ၀င်ငွေရရှိရာ ဈေးကွက်တစ်ခုဖြစ်တဲ့ ရှားကောပင် စိုက်ပျိုးနေကြတယ်။ အဲ့ဒီစိုက်ခင်းတွေ မီးထဲပါသွားမှာကို စိုးရိမ်တယ်။ ပြီးတော့ တောင်ယာတွေ ဘယ်လောက်ပါသွားတယ်ဆိုတာ ဘယ်သူမှ အတည်မပြုနိုင်သေးဘူး” လို့ ဆိုပါတယ်။
ပူတာအိုဒေသမှာ နှစ်တိုင်းလို တောမီးလောင်မှု အသေးစားတွေရှိခဲ့ပေမဲ့ ယခုလို ၃ ရက်ကြာ မီးလောင်တာက ပထမဆုံးအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။