Home
မြန်မာသတင်း
အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် (DRPA) ဖွဲ့စည်း
DVB
·
April 29, 2021

အကြမ်းဖက်စစ်အုပ်စုကို အပြီးတိုင်အမြစ်ဖြတ်ချေမှုန်းဖို့ အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် (Dictatorship Revolution People's Army- DRPA) ကို ဧပြီ  ၂၈ ရက်နေ့မှာ ဖွဲ့စည်းပြီးကြောင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ပြည်သူလူထုရဲ့အသက်အိုးအိမ်စည်းစိမ်ကို လက်နက်အားကိုးနဲ့ ဖျက်ဆီးသတ်ဖြတ်နေတဲ့ အာဏာရှင်တွေနဲ့ သူတို့ရဲ့လက်ပါးစေ တပ်မတော်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့လုပ်ရပ်ကို အပြီးတိုင်အမြစ်ဖြတ်ချေမှုန်းပြီး ဖက်ဒရယ်ဒီမိုကရက်တစ်ပြည်ထောင်စုတည်ထောင်နိုင်ဖို့ ရည်ရွယ်ဖွဲ့စည်းတာလို့ ဆိုပါတယ်။ 

အဆိုပါတပ်မတော်မှ .အာဏာရှင်တော်လှန်ရေးအတွက် အဆုံးစွန် အထိ စိတ်ဆုံးဖြတ်ထားကြတဲ့ လွတ်မြောက်နယ်မြေရောက် ကျောင်းသားလူငယ်တွေ၊ တိုင်းရင်းသားလူငယ်တွေ၊ ခေတ်အဆက်ဆက်အာဏာရှင်ကိုတော်လှန်ခဲ့ကြတဲ့ ကျောင်းသားတွေ၊  နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ မြို့ပြနဲ့ကျေးလက်က တော်လှန်ရေးရဲဘော်အစုအဖွဲ့တွေ စသဖြင့် လူတန်းစား အသီးသီးပါဝင်တယ်လို့ဆိုပါတယ်။

DRPAရဲ့ တာဝန်ရှိသူတစ်ဦးက  " လက်ရှိမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီးဖြစ်ပြီး မြို့ပြက တော်လှန်ရေးတပ်ဖွဲ့တွေနဲ့လည်း အတိုင်းအတာတစ်ခုအထိ ချိတ်ဆက်ပြီးဖြစ်ပါတယ်။ အခုလိုဖွဲ့စည်းပြီး ရက်ပိုင်းအတွင်းမှာပဲ မြန်မာနိုင်ငံနေရာအနှံ့အပြားမှာ တိုက်ပွဲပုံစံတွေစဖော်လာမှာဖြစ်တယ်'' ပြောပါတယ်။

တိုင်းရင်းသားတွေလက်ခံနိုင်တဲ့ နိုင်ငံရေးအာမခံချက် ခိုင်မာစွာပါဝင်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေတဲ့ ဘယ်အဖွဲ့အစည်းနဲ့မဆို ပူးပေါင်းသွားမှာဖြစ်ပြီး ကြားကာလ အစိုးရရဲ့ ကာကွယ်ရေးလုံခြုံရေးလုပ်ငန်းတွေမှာလည်း ပါဝင်ထမ်းဆောင်သွားမယ်လို့ DRPA က ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024