ရေနံမြေလုပ်သားများ လုပ်ငန်းခွင်ပြန်မဝင်ပါက တရားစွဲမည်ဟု စစ်ကောင်စီ ခြိမ်းခြောက်

စစ်တပ်ရဲ့အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့အနေနဲ့ အာဏာဖီဆန်မှု CDM မှာ ပါဝင်နေတဲ့ ရေနံမြေ လုပ်သား ၁၀၀၀ ကျော်လောက်ကို လုပ်ငန်းခွင် ပြန်မဝင်ရင် ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့ အရေးယူမယ်ဆိုပြီး   မကွေးတိုင်း စစ်ကောင်စီက   ခြိမ်းခြောက်နေတယ်လို့ သိရပါတယ်။

CDM ပါဝင်နေတဲ့ မန်းရေနံမြေကဝန်ထမ်း ၆၅၀ ကျော်နဲ့ ထောက်ရှာပင် ရေနံမြေကဝန်ထမ်း ၆၁၀ ကျော်ကို ဧပြီ ၂၂ ရက်နေ့မှာ လုပ်ငန်းခွင်ပြန်မဝင်ရောက်ရင် အရေးယူမယ်ဆိုပြီး ဝန်ထမ်းတွေကို ထောက်ရှာပင်ရေနံမြေ အထွေထွေမန်နေဂျာ ဦးလှမျိုးထွန်းက ဌာနမှူးတွေကို ပြောဆိုခဲ့တယ်လို့ ရေနံမြေလုပ်သားတွေကပြောပါတယ်။

CDM ပါဝင်နေတဲ့အလုပ်သမားတဦးက "မကွေးတိုင်းကောင်စီကနေ ၂၂ ရက်နေ့ နောက်ဆုံးထားပြီး လုပ်ငန်းခွင်ပြန်ဝင်ဖို့၊ မဝင်ရင် တရားစွဲမယ်ဆိုတာ ပြောတာပါ။ အဲ့တာကို တိုင်းမန်နေဂျာကနေ ဌာနမှူးတွေကို ပြန်ပြီး ဝန်ထမ်းတွေကို ပြောခိုင်းတာပါ။ နေပြည်တော်ရုံးချုပ်က ညွှန်ကြားပေးတာမျိုး မရှိပါဘူး''လို့ ပြောပါတယ်။

လုပ်ငန်းခွင်ပြန်မဝင်ရင် ဝန်ထမ်းဥပဒေနဲ့ရော ပုဒ်မ ၅၀၅ (က)နဲ့ပါ အရေးယူဖို့ကို မကွေးတိုင်း စီမံအုပ်ချုပ်ရေးကောင်စီရုံးမှာ ဧပြီ ၂၁ ရက်နေ့က ပြုလုပ်တဲ့ အစည်းအဝေးကနေ ဆုံးဖြတ်ခဲ့တာလို့သိရပါတယ်။

မင်းလှသံပါရာကန်မှာ ရေနံချက်ဖို့အတွက် မန်းရေနံမြေနဲ့ ထောက်ရှာပင်ရေနံမြေက ပိုက်တွေနဲ့သွယ်တန်းပြီး ပေးပို့ရတာဖြစ်ပြီး ဝန်ထမ်းတွေ CDM လုပ်နေချိန် လုပ်ငန်းတွေ ရပ်နားထားရလို့  ရေနံချက်ဖို့ ကုန်ကြမ်းတွေမရှိတော့တဲ့အတွက် ခုလိုဖိအားပေးတာတွေပြုလုပ်လာတာလို့ ဝန်ထမ်းတွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up