တနင်္သာရီတိုင်း ထားဝယ်မြို့မှာ ဒီနေ့ မနက်ပိုင်း ၇ နာရီခွဲ စတင်ထွက်ခဲ့တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ကျောင်းသားပြည်သူ စုပေါင်းသပိတ်ဟာ ၁၅ မိနစ်အကြာမှာ ဖြိုခွဲခံလိုက်ရပြီး ကျောင်းသား ၅ ဦး ရိုက်နှက်ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။
ဆယ်တန်းကျောင်းသားတွေဖြစ်တဲ့ ကောင်းထက်ကျော်၊ ကိုယ်ပိုင်အထက်တန်းကျောင်းက ကိုနေဇော်အောင်၊ ပညာဥယျာဥ်ကိုယ်ပိုင်အထက်တန်းကျောင်းက ကိုအောင်ပြည့်ဖြိုးတို့အပါအဝင် အခြေခံပညာကျောင်းက ကျောင်းသူ ၁ ဦးနဲ့ ထားဝယ်နည်းပညာတက္ကသိုလ်ကျောင်းသား နှစ်ဦးတို့ ဖမ်းဆီးခံလိုက်ရတာပါ။
အင်ဂျင်နီယာကျောင်းသားနှစ်ဦးထဲက တစ်ဦးကတော့ အဖမ်းမခံရခင် သေနတ်ကျည်ထိသွားတယ်လို့ မျက်မြင်က ပြောပါတယ်။
သပိတ်စစ်ကြောင်း လူစုခွဲအပြီးမှာပဲ ရပ်ကွက်တွေမှာ ပတ်နေတဲ့ ရဲကားနဲ့စစ်ကားတွေက လူစုခွဲရာ တစ်နေရာစီ လမ်းကြားတွေအထိ လိုက်လံဖမ်းဆီးခဲ့ကြလို့ အခုလိုဖြစ်ရတာလို့ သပိတ် ပါဝင်ခဲ့တဲ့ ကျောင်းသားတွေက ပြောပါတယ်။
ဖမ်းဆီးစဥ်က ကျောင်းသားတွေကို ကြမ်းကြမ်းတမ်းတမ်းရိုက်နှက်ပြီးမှ ခေါ်ဆောင်သွားတာလို့ ဆိုကြပါတယ်။ ကျောင်းသားတွေအပြင် သပိတ်စစ်ကြောင်းမှာ ပါဝင်ခဲ့သူတွေရဲ့ ဆိုင်ကယ်တချို့ပါ အယူခံလိုက်ရတယ်လို့လည်း သိရပါတယ်။
လက်ရှိမှာ အသက်မပြည့်သေးတဲ့ ကျောင်းသားတွေကိုပါ ထားဝယ်မြို့ တိုက်ခိုက်ရေးရဲရုံးမှာ ထားပြီး ရက်ရက်စက်စက်စစ်ကြောရေးလုပ်နေတယ်လို့ သိရပါတယ်။
အဖမ်းခံလိုက်ရတဲ့ ကျောင်းသားတွေမှာ သက်သေခံပစ္စည်းအဖြစ် အလံတွေပါသွားတယ်လို့လည်း မျက်မြင်တွေက ဆိုပါတယ်။