အစိုးရဆိုတဲ့အင်္ဂါရပ်နဲ့ညီဖို့ CDMအား ကောင်းတဲ့နေရာတွေမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAO တွေနဲ့ပူးပေါင်းပြီး နယ်မြေတွေသိမ်းယူတာတွေ လုပ်ရမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။
အစိုးရဆိုတဲ့ စကားလုံးနဲ့အညီ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး၊ ကာကွယ်ရေး ရှိရမှာဖြစ်ပြီး နယ်မြေလည်းရှိရမှာဖြစ်တယ်လို့ ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။
ဒါကြောင့် CDM အားကောင်းပြီး တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေအားကောင်းတဲ့ ရွာ၊ မြို့၊ ပြည်နယ်/တိုင်းအလိုက် နယ်မြေသိမ်းယူမှုတွေ လုပ်ဆောင်ရမယ်လို့ဆိုပါတယ်။
အဲဒီလို နယ်မြေသိမ်းယူတာက တရားဝင်အစိုးရတစ်ရပ်အဖြစ်နိုင်ငံတကာက အသိအမှတ်ပြု လာအောင်ကြိုးပမ်းမှုတစ်ခုဖြစ်ပြီး စစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်နဲ့ ကိုက်ညီတဲ့ တန်ပြန်တော်လှန်ရေး လုပ်ငန်းစဉ်တစ်ခုဖြစ်တယ်လို့လည်းပြောဆိုပါတယ်။
စစ်တိုက်ပြီး သွေးထွက်သံယိုဖြစ်စေချင်လို့မဟုတ်ဘဲ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီက မဖြစ်ဖြစ်အောင် တမင် တွန်းပို့နေတာလို့ ဒေါက်တာဇော်ဝေစိုးကပြောပါတယ်။
ဒါ့အပြင် အနာဂတ်ဖက်ဒရယ်ဖွဲ့စည်းပုံမှာပါမယ့် ဖက်ဒရယ်တပ်မတော်ကို အင်အား ရှိအောင်လုပ်မှာ ဖြစ်ပေမယ့် နိုင်ငံရေးမှာတော့ လုံးဝမပါဝင်ရဘူးလို့လည်းဆိုပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ နှစ်ပေါင်းများစွာတည်ဆောက်လာတဲ့ အဖွဲ့အစည်းဖြစ်တဲ့အတွက် နိုင်အောင်တိုက်ဖို့အတွက် မနေမနား ကြိုးစားဖို့ကိုလည်း ဒေါက်တာဇော်ဝေစိုး က ပြောပါတယ်။