Home
မြန်မာသတင်း
ကေအိုင်အေတပ်မဟာ ၈ စခန်းကို အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲ
DVB
·
April 19, 2021
175204931_1215699055552488_7424506835606175436_n

ကချင်ပြည်နယ်၊ မိုညှင်းမြို့နယ်ရှိ  ကေအိုင်အေတပ်မဟာ  ၈ နယ်မြေကို စစ်ကောင်စီ လေတပ်က ဧပြီ ၁၈ ရက် မွန်းလွဲပိုင်း ၁ နာရီလောက်မှာ တိုက်လေယာဉ်နဲ့ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လေယာဉ်ပေါ်မှ စက်သေနတ်တွေနဲ့  ပစ်ခတ်တိုက်ခိုက်သွားတယ်လို့ ကေအိုင်အေဘက်က ပြောပါတယ်။

ဒါ့အပြင် ဧပြီ ၁၈ ရက်နေ့မှာပဲ  မိုးမောက်မြို့နယ်မှာ ခမရ(၄၃၈)က အလောဘွမ်အနီးတဝိုက်ကို လက်နက်ကြီးတွေနဲ့ ၅ ကြိမ်ပစ်ခတ်ခဲ့ပြီး လက်ရှိမှာတော့ အလော့ဘွမ်အနားကို စစ်ကောင်စီတပ်တွေ ထပ်ရောက်မလာသေးဘဲ  အဝေးကနေ လက်နက်ကြီးတွေနဲ့ လှမ်းထုနေတာလို့ ကေအိုင်အေဘက်က ပြောပါတယ်။

မြေပြင် ဝေဟင်ပစ်ခတ်မှုတွေကြောင့် ကေအိုင်အေဘက်က ထိခိုက်ကျဆုံးသူ မရှိဘူးလို့လည်း ပြောပါတယ်။

ဧပြီ ၁၇ ရက်နေ့ကလည်း ဝိုင်းမော်မြို့ရှိ ဂေါ်ဆက်ယန်ကျေးရွာမှာ   ခမရ ၅၈ တပ်က ကေအိုင်အေ  တပ်ရင်း ၂၄ ရှိရာ မနမ်ဒိန်ဆာဘွမ်ဘက်ကိုလည်း လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

လက်ရှိ ဖားကန့်မြို့နယ် ကေအိုင်အေတပ်မဟာ ၉ နယ်မြေမှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီ လက်အောက်ခံ ရဲကင်းစခန်း ၂ ခုကို သိမ်းပိုက်ရရှိထားပြီလို့ ကေအိုင်အေဘက်က အတည်ပြုထားပါတယ်။

ဖားကန့်မြို့နယ် အောင်ဘာလီရွာအထက် တန်ဂေါင်ကုန်းပေါ်ရှိ  အကြမ်းဖက်စစ်တပ် တပ်မ(၃၃)လက်အောက်ခံ ကန်ဆီးဗျူဟာရဲတပ်စခန်းတစ်ခုကို  ဧပြီ ၁၈ ရက်  ညနေ ၅ နာရီခန့်မှ ည ၇ နာရီ အထိတိုက်ပွဲ ၂ နာရီခန့်ဖြစ်ပွားခဲ့ပြီးနောက်မှာ ကေအိုင်အေက သိမ်းပိုက်လိုက်ပြီ လို့လည်း ဆိုပါတယ်။

တိုက်ပွဲမှာ ကေအိုင်အေဘက်က အထိအခိုက်ဒဏ်ရာရအနည်းငယ်သာရှိခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီနဲ့  လက်အောက်ခံရဲတပ်ဖွဲ့ဝင်တွေ  ဒဏ်ရာရရှိသူတွေနဲ့ ထွက်ပြေးသွားခဲ့တယ်လို့ သိရှိရပါတယ်။

တစ်ရက်တည်းမှာပဲ ကံဆီးဟောင်နဲ့ ဘောင်ဘာလီမှော်ဘက်မှာလည်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒီနေ့မနက်ပိုင်းမှာလည်း ဆက်လက်တိုက်ပွဲဖြစ်နေပါတယ်။

အဆိုပါတိုက်ပွဲတွေနဲ့ ပတ်သက်လို့ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီရဲ့ မီဒီယာတွေမှာ တော့ ဖော်ပြခြင်းမရှိဘဲ သတင်းအမှောင်ချထားပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024