ပုသိမ်မြို့၊ အမှတ် ၈ ရပ်ကွက်၊ တကောင်းဘုရားမှာ ဧပြီ ၁၆ ရက် သင်္ကြန်အတက်နေ့က တပ်စွဲထားတဲ့ စစ်တပ် တပ်သားအချင်းချင်းစကားများပြီး သေနတ်နဲ့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။
အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီရဲ့ တပ်သားတွေဟာ ဒီမနက် ၆ နာရီခွဲလောက်ကတည်းက သာသနာ့နယ်မြေထဲမှာ မူးယစ်သောက်စား song box အသံချဲ့စက်တွေနဲ့ သီချင်းတွေ ဆူညံစွာဖွင့်ပြီး မူးရူးကခုန်နေကြတာဖြစ်ပြီး နေ့လည် ၂ နာရီလောက်မှာတော့ သေနတ်သံ ၂ ချက်ပစ်တာကြားခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေနတ်သံကြားလို့ ထွက်ကြည့်တဲ့သူတွေကိုလည်း အကြမ်းဖက်စစ်တပ်က ကြိုက်တဲ့ကောင်ထွက်လာခဲ့ အကုန်ပစ်သတ်မယ်ဆိုတဲ့ ခြိမ်းခြောက် အော်ဟစ်ပြောဆိုနေကြတယ်လို့ ဆိုပါတယ်။
ပစ်ခတ်မှုကြောင့် သေဆုံးထိခိုက် ဒဏ်ရာရတဲ့အခြေအနေကို အတည်အကျမသိရသေးပါဘူး။
ပုသိမ်မြို့မှာ အကြမ်းဖက်စစ်တပ်က သူတို့တပ်ချထားတဲ့ ဘုရားဝင်းတွေနဲ့ စာသင်ကျောင်းတွေရှေ့မှာ song box ဖွင့် ကခုန်တာတွေရှိနေပြီး လမ်းသွားလမ်းလာတွေကို အတင်းအကျပ် တားပြီး ရေပက်နေတာတွေလည်း ရှိနေပါတယ်။