Home
မြန်မာသတင်း
အကြမ်းဖက်မှုနှင့် ထိုးစစ်ဆင်တိုက်ခိုက်မှုများရပ်ဆိုင်းရန် မြန်မာစစ်တပ်ကို အမေရိကန်သံရုံး တိုက်တွန်း
DVB
·
April 12, 2021

မြန်မာနို်ငငံတဝန်း အကြမ်းဖက်မှုတွေနဲ့  ထိုးစစ်ဆင်တိုက်ခိုက်နေမှုတွေကို  ရပ်ဆိုင်းဖို့  အာဏာသိမ်းမြန်မာစစ်ကောင်စီကို   ရန်ကုန်ရှိ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက တိုက်တွန်းလိုက်ပါတယ်။

“အဟောင်းမှ​အသစ်သို့ ကူးပြောင်းခြင်းကာလဖြစ်တဲ့ အတာသင်္ကြန်ကာလနီး ကပ်လာတာနဲ့ အမျှ ပဲခူးနဲ့ မြန်မာနိုင်ငံတဝန်းမှာ  စစ်အစိုးရတပ်ဖွဲ့တွေက  စစ်ဘက်တိုက်ခိုက်ရေးမှာ အသုံးပြုတဲ့ လက်နက်တွေ အရပ်သားပြည်သူတွေအပေါ် အသုံးပြုခဲ့တယ်လို့ သတင်းတွေကြားသိနေရပြီး အကျိုးဆက်ဖြစ်တဲ့ အဓိပ္ပာယ်မဲ့ အသက်ဆုံးရှုံးမှုတွေအတွက် မိမိတို့ ဝမ်းနည်းစိတ်မကောင်း ဖြစ်ရပါတယ်” လို့ သံရုံးထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့ပြင် စစ်အစိုးရမှာ ဒီအကျပ်အတည်းကို ဖြေရှင်းနိုင်တဲ့ အရည်အချင်းရှိပြီး အကြမ်းဖက်မှုတွေနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေမှုတွေကို  ရပ်ဆိုင်းခြင်းဖြင့် စတင်အကောင်အထည်ဖော်ဖို့ လိုတယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ရက်က ပဲခူးမြို့မှာ ငြိမ်းချမ်းစွာဆန္ဒပြတဲ့ ပြည်သူတွေကို စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်တွေက စစ်ပွဲသုံးလက်နက်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့  အရပ်သားပြည်သူ ၈၀ ကျော် ကျဆုံးခဲ့ရပါတယ်။ 

ကရင်ပြည်နယ်နဲ့ ကချင်ပြည်နယ်ထဲမှာလည်း စစ်တပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေသလို လေတပ်ကပါ တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်နေတဲ့အတွက် ပြည်သူတွေ သေဆုံးဒဏ်ရာရခဲ့ကြသလို သောင်းနဲ့ချီတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေလည်း ထွက်ပေးနေကြရတာ ဖြစ်ပါတယ်။

စစ်ကောင်စီ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကတော့ နှစ်ဖက် လူအသေအပျောက် နည်းအောင် လေကြောင်းကနေ တိုက်ခိုက်နေတာဖြစ်တယ်လို့ ပြီးခဲ့တဲ့ နေပြည်တော်သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024