စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်၊ ဗန္ဓုလလမ်းပေါ်မှာ အခြေစိုက်တဲ့ မျက်မှောက်ခေတ် သတင်းဌာနရုံးခန်းကို ဧပြီ ၁၁ ရက်က စစ်ကောင်စီ အကြမ်းဖက်လက်နက်ကိုင်တပ်တွေက နောက်ဖေးပေါက်ကနေ ဖောက်ထွင်း ဝင်ရောက်စီးနင်းခဲ့ပါတယ်။
ရုံးခန်းအတွင်းဝင်ရောက်ရှာဖွေ မွှေနှောက်သွားပြီး ဘာတွေပါသွားတယ်။ ဘာတွေပျက်စီးသွားတယ်ဆိုတာကိုတော့ သွားရောက်ကြည့်ရှုနိုင်ခြင်းမရှိသေးတဲ့အတွက် အသေးစိတ်မသိရှိရသေးပါဘူး။
မျက်မှောက်ခေတ်သတင်းဌာန တည်ထောင်သူ ဦးအောင်ကိုလတ်က "ကျနော်လည်း လုံခြုံရေးအရ ရှောင်တိမ်းနေတာ။ ရုံးခန်းမဖွင့်တာလည်းကြာပြီ။ အဲဒီမှာ လူမနေတာလည်းကြာပြီ။ ဘာကြောင့်ဆိုတာ မသိရသေးဘူး။ ဘာတွေပျက်စီးသွားလဲ၊ ဘာတွေယူသွားလဲဆိုတာလည်း သွားမကြည့်နိုင်သေးတော့ မသိရသေးဘူး။ ရုံးခန်းက ဆိုင်းဘုတ်လည်းမရှိဘူး။ ရုံးခန်းမှန်းလည်း မသိသာဘူး။ သတင်းပေးရှိလို့ရှာတာလည်း ဖြစ်နိုင်တယ်။ ကျနော့်ကိုရှာတာလည်း ဖြစ်နိုင်တယ်။ အတိအကျတော့ မပြောနိုင်သေးဘူး။ ဟိုရက်ပိုင်းကလည်း မုံရွာက သတင်းထောက်တွေတော်တော်များများ တရားစွဲတယ်ဆိုပြီး သတင်းတက်လာသေးတယ်။ အဲဒါလည်း အသေးစိပ်မသိရသေးဘူး။ ဘာပဲဖြစ်ဖြစ် အခုလို သူခိုးလို နောက်ဖေးကဝင်ပြီး ဖျက်ဆီးဝင်ရောက်တဲ့အပေါ်မှာတော့ ရွံရှာစက်ဆုတ်ဖွယ်လုပ်ရပ်လို့ပဲမြင်တယ်။"လို့ ပြောပါတယ်။
ရဲနဲ့စစ်တပ် အင်အားဆယ်ဂဏန်းလောက်က နောက်ဖေးက ဝင်ရောက်ပြီး ဝင်းတံခါး၊ အိမ်တံခါးသော့တွေဖျက်ဆီးကာ အိမ်ရှေ့ကနေ ပြန်ထွက်သွားတယ်လို့ဆိုပါတယ်။
မျက်မှောက်ခေတ်သတင်းဌာနက ပြန်ကြားရေးဝန်ကြီးဌာနမှာ တရားဝင်မှတ်ပုံတင်ထားတဲ့ ဒေသတွင်းအွန်လိုင်းသတင်းဌာနဖြစ်ပါတယ်။ မျက်မှောက်ခေတ်သတင်းဌာနရုံးခန်းက စစ်ကောင်စီ အာဏာသိမ်းစဉ် ဖေဖော်ဝါရီလဆန်းကတည်းက လူနေထိုင်ခြင်းမရှိဘဲ ပိတ်ထားတာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့မတ်လအတွင်းကလည်း မျက်မှောက်ခေတ်သတင်းဌာနရဲ့ မန္တလေးအခြေစိုက် အလွတ်တန်းသတင်းထောက် ကိုစိုးမင်းသူ သတင်းရယူနေစဉ်ပစ်ခတ်ဖမ်းဆီးခံရပြီး အမှုဖွင့်ခံထားရကာ မိသားစုနဲ့တွေ့ခွင့်မရဘဲ အိုးဘိုထောင်မှာ ချုပ်နှောင်ထားပါတယ်။