Live
Home
မြန်မာသတင်း
ကရင်စစ်ဘေးရှောင်များအားနှင်ထုတ်မှု ထိုင်းနိုင်ငံခြားရေးဌာန ပယ်ချ
DVB
·
March 30, 2021

ကရင်ပြည်နယ်ထဲမှာ အာဏာသိမ်းစစ်အုပ်စုရဲ့ လေတပ်က ကေအန်ယူနယ်မြေထဲကို  ပြီးခဲ့တဲ့ရက်ပိုင်းက လေယာဉ်နဲ့ဗုံးကြဲ တိုက်ခိုက်တာကြောင့် ထောင်နဲ့ချီတဲ့ ကရင်ရွာသားတွေဟာ သံလွင်မြစ်ကိုဖြတ်ကျော်ပြီး ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးခိုလှုံဖို့ ကြိုးစားခဲ့ပါတယ်။ 

ဒါပေမဲ့ ထိုင်းစစ်တပ်က လက်မခံဘဲ နှင်ထုတ်တာကြောင့် ကရင်စစ်ပြေးရှောင်အ မြောက်အများ တောထဲတောင်ထဲမှာ ဖြစ်သလိုအိပ်စက်နေရပုံ၊ ထိုင်းစစ်တပ်ကလည်း နယ်စပ် တလျှောက် သံဆူးကြိုးတွေနဲ့ ကာရံနေတဲ့ပုံတွေ လူမှုကွန်ရက်သတင်းမှာ ပြန့်နှံ့နေပါတယ်။ 

ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ မဟုတ်မမှန်ကြောင်း ယမန်နေ့ ညက ပြန်လည်ဖြေရှင်း ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

ထိုင်းနိုင်ငံက စစ်ပြေးရှောင်တွေကို လက်မခံဘဲ ပြန်နှင်ထုတ်ခဲ့တယ်လို့ ဖော်ပြခဲ့တဲ့ သတင်း တွေဟာ မြန်မာပြည်ထဲက တရားမဝင်တိုင်းရင်းသားသတင်းဌာနဖော်ပြချက်ကို ကိုးကားဖော်ပြ နေခြင်းသာဖြစ်ပြီး ထိုင်းနိုင်ငံရဲ့တရားဝင်သတင်းဖော်ပြချက်မဟုတ်ကြောင်း၊ အဆိုပါသတင်း ကိုလည်းအတည်မပြုနိုင်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နိုင်းထားနီးဆိုင်ရတ်တနက မတ်လ ၂၉ ရက်မှာ ထုတ်ပြန်ပြောဆိုပါတယ်။ 

ထိုင်းနိုင်ငံအနေနဲ့ အိမ်နီးချင်းနိုင်ငံတွေကနေအကြောင်းအမျိုးမျိုးကြောင့် ထွက်ပြေးခိုလှုံ လာသူတွေကို လူသားချင်းစာနာမှုအနေနဲ့ နိုင်ငံတကာစံချိန်စံနှုန်းနဲ့အညီ လက်ခံစောင့်ရှေ ရှောက်လာတာ နှစ်ပေါင်းများစွာကြာခဲ့ပြီး အတွေ့အကြုံတွေလည်းရှိခဲ့ပြီဖြစ်ကြောင်း၊ လက်ရှိ မြန်မာ နိုင်ငံရဲ့အခြေအနေ၊ တိုက်ပွဲဖြစ်နေတဲ့အခြေအနေတွေကိုလည်း မျက်ခြေမပြတ်စောင့်ကြည့်နေ တယ်လို့ ဆိုပါတယ်။ 

စစ်ပြေးရှောင်ပြည်သူတွေကို လက်ခံကူညီပေးဖို့အတွက် ထိုင်းအမျိုးသားလုံခြုံရေး ကောင်စီ နဲ့ နယ်စပ်ဒေသခရိုင်တာဝန်ရှိသူတွေကလည်း နေရာချထားရေးကိစ္စနဲ့ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ဖို့ကိစ္စတွေကို မူဝါဒနဲ့ ဆောင်ရွက်ရမယ့်နည်းလမ်းတွေ ချမှတ်ထားတယ်လို့ ပြောသွား ပါတယ်။

ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးခိုလှုံလာတဲ့ ကရင်စစ်ဘေးရှောင်တွေကို ထိုင်းစစ်တပ်က မိမိနေရပ်သို့ပြန်ထွက်ခွာဖို့ မောင်းထုတ်လိုက်ခဲ့တယ်လို့ ဒီဖြစ်စဉ်ကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့  ရုပ်သံ မှတ်တမ်းရိုက်ကူးနေသူ တစ်ဦးက ဒီဗွီဘီကို အတည်ပြုပြောပါတယ်။

မတ်လ ၂၉ ရက်နေ့မှာ စစ်ကောင်စီတပ်နဲ့ ကေအန်ယူ တိုက်ပွဲမရှိတော့ဘူးဆိုတဲ့အကြောင်းပြချက်နဲ့ ထိုင်းစစ်တပ်က ကရင်စစ်ဘေးရှောင်တွေကို မြန်မာပြည်ဘက် ပြန်ခိုင်းနေတာဖြစ်တယ်လို့ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့မှာ KNU/KNLA တပ်မဟာ ၅ နယ်မြေကို အာဏာသိမ်း စစ်ကောင်စီရဲ့ လေတပ်က ဗုံးကြ တိုက်ခိုက်ခဲ့တာကြောင့် ကရင်ပြည်သူတွေ  ၃၀၀၀ လောက် သံလွင်မြစ်တဘက်ကမ်း ထိုင်းနိုင်ငံဘက်မှာ ယာယီ စစ်ပြေးရှောင်ခိုလှုံနေကြတယ်လို့ ကရင်အရပ်ဖက်အဖွဲ့အစည်းတွေက သတင်းထုတ်ထားပါတယ်။

ထိုင်းအစိုးရဟာ  ပြီးခဲ့တဲ့ အပတ်ကလည်း  ထိုင်းဘက်ခြမ်းကနေ မြန်မာစစ်တပ်အတွက်  ပို့ဆောင်မယ့်ဆန်အိတ် ၇၀၀ နဲ့ ရိက္ခာကိစ္စကိုလည်း ငြင်းပယ်ထားပြီး ပုံမှန်ရောင်းဝယ်နေကျလို့ ပြောဆိုခဲ့ပါတယ်။ 

ကိုးကား - https://www.dailynews.co.th/politics/834066

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024