မွန်ပြည်နယ်၊ ရေးမြို့ စစ်တပ်အခြေစိုက် တပ်မအနီး အဏ္ဏဝါရပ်ကွက်ရှိ ကားဝပ်ရှော့ရုံမှာ မတ် ၂၈ ရက် ည ၁၀ နာရီလောက်က ရုပ်သံလိုင်းတခုမှ ထုတ်လွှင့်နေတဲ့ ကမ္ဘာမကြေဘူး သီချင်းကို ကြည့်ရှုခံစားနေတဲ့ ကားဝပ်ရှော့ဆိုင်ပိုင်ရှင် ၁ ဦးကို အကြမ်းဖက်စစ်တပ်နဲ့ရဲတွေက သေနတ် ၄ ချက် ပစ်ဖောက် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းယူပြီးနောက် ရေးမြို့မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး နေ့စဉ် ဆန္ဒပြနေကြပြီး ဆန္ဒပြကြတဲ့ ပြည်သူ အနည်းဆုံးအယောက် ၂၀ လောက် ဖမ်းဆီးခံထားရပါတယ်။
ရေးမြို့နယ်မှာ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို မြို့ပေါ်ရပ်ကွက်တွေအပြင် အစင်ကျေးရွာနဲ့ ဇီးဖြူသောင်ကျေးရွာပါမကျန် ထုတ်ပြန်ထားပါတယ်။
ရွှေ့ပြောင်းလုပ်သားတွေအများဆုံးရှိတဲ့ အစင်စံပြကျေးရွာ ဓမင်းကုန်းရပ်မှာလည်း မတ် ၂၇ ရက်ညက သေနတ်ပစ်ဖော်ပြီး ရေလုပ်သား ၂၄ ဦးလောက်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သလို မတ် ၂၈ ရက် ညကလည်း အစင်ကျေးရွာသား ၂ ဦး ကို ညမထွက်ရအမိန့်နဲ့ ဖမ်းဆီးသွားခဲ့ပါတယ်။