တောင်ကြီးတွင် စစ်တပ်၏ ပစ်ခတ်မှုကြောင့် လူငယ် ၁ ဦးကျဆုံး၊ ၉ ဦး ဒဏ်ရာရ

ယမန်နေ့ညနေပိုင်းက တောင်ကြီးတွင် ပစ်ခတ်ခံရပြီး သေဆုံးသွားသည့် စိုင်းဝေယံထွန်း၏ ဈာပန

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမှာ မနေ့က အကြမ်းဖက်စစ်တပ်က  ရပ်ကွက်ထဲ ဝင်ရောက်ပစ်ခတ်တဲ့အတွက် လူငယ် ၁ ဦးကျဆုံးပြီး ၉ ဦး ဒဏ်ရာရသလို အဖမ်းခံရသူတွေလည်း ရှိနေပါတယ်။ 

ပြောက်ကျားပုံစံနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆောင်ရွက်နေတဲ့ လူငယ်တွေဟာ  ညနေပိုင်းက မြေဖြူရပ်ကွက်ထဲရှိနေစဉ် အကြမ်းဖက်စစ်တပ်နဲ့ရဲက အသံဗုံးနဲ့ရော ကျည်ဆန်အ စစ်နဲ့ပါ ပစ်ခတ်တဲ့အတွက် အသက် ၂၀ နှစ်အရွယ် လူငယ် ၁ ဦး ကျဆုံးခဲ့ပြီး ၉ ဦးထက်မနည်း ဒဏ်ရာရသွားတယ်လို့ တောင်ကြီးဒေသခံတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။ 

“မနေ့ညနေ ၄ နာရီခွဲလောက်က ကလေးတွေက ပြောက်ကျားလိုပုံစံနဲ့ လမ်းကြားတွေထဲမှာ ရှိနေတာပေါ့နော်။ အဲဒါကို သူတို့ရှိတဲ့နေရာကို ဟိုအကြမ်းဖက်သမားတွေက ပစ်တာ၊ အသံဗုံးနဲ့ ရော၊စက်သေနတ်နဲ့ဆွဲပစ်တယ်၊ ကျည်အစစ်နဲ့ပစ်တယ်၊ ကလေးတစ်ယောက် ခေါင်းပွင့်သွားတယ်။ သူ့ကိုဆေးရုံခေါ်သွားကြသေးတယ်။ ဆေးရုံရောက်မှ ညကျမှ ဆုံးသွားတာ။ ဆုံးသွားတဲ့ကလေးက စိုင်းဝေယံမိုးတဲ့၊ ချမ်းမြသာစည်က၊ နောက်ထပ်ဒဏ်ရာရတာ ၉ ယောက်လောက်ရှိတယ်၊ အဖမ်းခံရတဲ့ လူတွေလည်းရှိတယ်။ ကလေးတစ်ယောက်ဆိုရင် သေနတ်မှန်သွားတာကို ဆွဲခေါ်သွားတယ်။ သူ့ဖိနပ်တဖက် အိမ်ရှေ့မှာ ကျန်ခဲ့တယ်၊ ဘယ်သူ့သား သမီးလဲမသိဘူး၊ ကလေးတွေက နေရာပေါင်းစုံက လာတာ။”   

မြေဖြူရပ်ကွက်ဟာ သပိတ်မှောက်သူတွေလာတတ်တဲ့ အနောက်မြို့ပတ်လမ်းနဲ့ နီးသလို ဒီမတိုင်ခင်က စစ်ကောင်စီအကြမ်းဖက်သမားဘက်က ၂ ဦး  ချယ်ရီကွင်းဟိုတယ်နားမှာ ပျောက်သွားတဲ့သတင်းတွေလည်း ထွက်ပေါ်နေလို့ အဆိုပါရပ်ကွက်ကို ပိတ်ဆို့ဖမ်းဆီးနေတယ်လို့ ယူဆတယ်လို့ ဆိုပါတယ်။

မနေ့က ပစ်ခတ်သံတွေဟာ ညနေ ၆ နာရီကျော်လောက်မှာ ခဏငြိမ်သွားပြီး ည ၈ နာရီလောက်မှာ လမ်းမပေါ်လူမရှိဘဲနဲ့ တမြို့လုံး စက်သေနတ်တွေနဲ့ ပစ်ခတ်ခြိမ်းခြောက်ခဲ့တယ်လို့ နောက်ဒေသခံတစ်ယောက်က ပြောပါတယ်။ 

ဒီကနေ့မနက်မှာတော့ အနောက်မြို့ပတ်လမ်း ညောင်ပင်သာရပ်ကွက်နားက အမှတ် ၃ စာသင်ကျောင်းထဲမှာ တပ်ကလာပြီး စခန်းချထားကြောင်း၊ စစ်တပ်တွေက နေရာတိုင်းမှာ အချိန်မရွေးပေါ်လာပြီး စစ်ချင်သူတွေစစ် ပစ်ချင်သလိုပစ် ဖမ်းချင်သလိုဖမ်းနေကြောင်းလည်း ဒေသခံတဦးက ပြောပါတယ်။ 

မနေ့ညက မင်းလမ်းပေါ်ရှိ မေရှမ်းကြေးအိုးဆိုင်ထဲဝင်သွားပြီး  အလုပ်သမားတွေ ဝင်ဖမ်းသွားလို့ အလွန်အရေးမကြီးရင် ဘယ်သူမှအပြင်မထွက်ကြောင်း၊ ဈေးသည်တွေလည်း ထွက်ပြီးဈေးမရောင်းရဲ ၊ ဝယ်သူကလည်းအပြင်မထွက်ရဲ ၊ မျက်နှာစိမ်းဈေးသယ်ဆိုရင် ပြည်သူ ဘက်က ရပ်ကွက်လုံခြုံရေးအဖွဲ့တွေကလည်း ဒလန်ဖြစ်မှာစိုးလို့ အဝင်မခံတာကြောင့် အခြောက် အခြမ်းတွေနဲ့ ‌ချွေတာစားသုံးနေရကြောင်း၊ တနေ့လုပ်တနေ့စား ဆင်းရဲသားတွေလည်း ဝမ်းစာရေး အခက်အခဲ ကြုံနေရတယ်လို့ တောင်ကြီးဒေသခံက ပြောပါတယ်။   

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up