Live
Home
မြန်မာသတင်း
အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု၏ တပ်စခန်း ၄ ခုကို ကေအိုင်အေသိမ်းပိုက်
DVB
·
March 28, 2021

ကချင်ပြည်နယ် ဖားကန့်ဒေသမှာ  ကချင်လွတ်မြောက်ရေး‌တပ်‌မတော် (ကေအိုင်အေ) တပ်မဟာ ၅ လက်အောက် တပ်ရင်း ၉ က  အာဏာသိမ်းစစ်ကောင်စီ အကြမ်းဖက်အဖွဲ့ရဲ့ တပ်စခန်း ၄ ခု ကို ဒီကနေ့ မတ်လ ၂၈ ရက်မနက် ၃ နာရီလောက်က တစ်ချိန်တည်းမှာ တပြိုင်နက် ထိုးစစ် ဆင်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကေအိုင်အေ အရာရှိတစ်ဦးက ပြောပါတယ်။

"ကေအိုင်အေတို့ဘက်က ကြိုတင်စီမံထားတဲ့ မဟာဗျူဟာအတိုင်း အင်အားအလုံးအရင်းနဲ့ ရှောင်တခင် ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် အာဏာသိမ်းစစ်အုပ်စုဘက်က ပြင်းပြင်းထန်ထန် တန်ပြန်ခုခံခဲ့ပေမဲ့ နံနက်အရုဏ်တက်ချိန်မှာ ကေအိုင်အေတို့ဘက်က တပ်စခန်းလေးခုလုံးကို သိမ်းပိုက် နိုင်ခဲ့ကြတယ်” လို့ပြောပါတယ်။

သိမ်းပိုက်ရရှိခဲ့တဲ့ တပ်စခန်းတွေကတော့ ဖဝါမှော် ရဲတပ်ရင်းစခန်း၊ တောမှော် အနီးရှိ တပ်မ ၃၃ တပ်စခန်း၊ ကထန်ယာန်  မြဝတ်ရည် ကုမ္ပဏီဝန်းအတွင်း စခန်းချထားတဲ့ ရဲတပ်ရင်း၊ ဆန်ခါမှော် ကုမ္ပဏီဝန်းအတွင်း စခန်းချ ထားတဲ့ ရဲတပ်ရင်း စတဲ့ စခန်းတွေဖြစ်တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း အာဏာသိမ်းအုပ်စုတွေဘက်က အကျအဆုံးများခဲ့ပြီး ကေအိုင်အေ  ဘက်က ထိခိုက်မှုအနည်းငယ်ရှိကာ လက်နက်ခဲယမ်း အမြောက်အမြား သိမ်းဆီးရမိခဲ့တယ်လို့လည်းသိရပါတယ်။ 

မတ်လ ၂၇ ရက်နေ့မှာ ပြည်သူတွေ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှာ ဖြစ်တာကြောင့် သပိတ်စစ်ကြောင်းကို ဖြိုခွဲခြင်း၊ ဖမ်းဆီးခြင်း၊ ရိုက်နက်ခြင်းနဲ့ သေနတ်ပစ်ခတ်ခြင်းပြုတဲ့ ဘယ်အဖွဲ့အစည်းကိုမဆို ထိထိရောက်ရောက် အရေးယူသွားမယ်လို့ ကေအိုင်အေဘက်က မတ်လ ၂၆ ရက်ကတည်းက ထုတ်ပြန်ခဲ့ပါတယ်။

အခုလို စခန်း ၄ ခု သိမ်းပိုက်ခံရတာနဲ့ ပတ်သက်ပြီး အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုဘက်ကတော့ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024