တနင်္သာရီတိုင်း ကော့သောင်းမြို့မှာ စစ်အာဏာရှင်ကို တော်လှန်ရင်း မတ်၂၇ ရက်နေ့က ကျဆုံးခဲ့တဲ့ သူရဲကောင်းတွေရဲ့ နောက်ဆုံးခရီးကို ဒီနေ့နေ့လယ် ၁ နာရီက ရွှေပြည်သာ သုသာန်မှာ မီးသင်္ဂြိုဟ်ခဲ့ပြီး မြို့နေ ပြည်သူအများအပြား လိုက်ပါပို့ဆောင်ပေးခဲကြပါတယ်။
ကော့သောင်းမြို့မှာ မတ်လ ၂၇ ရက်နေ့က ပြုလုပ်တဲ့ အာဏာသိမ်းစစ်ကောင်စီအား ဆန့်ကျင်ဆန္ဒပြတဲ့ လူငယ်တွေကို အကြမ်းဖက်စစ်တပ်နဲ့ရဲက ပစ်ခတ်ဖြိုခွင်းမှုကြောင့်အမျိုးသား ၄ ဦးနဲ့အမျိုးသမီး ၁ ဦး ကျည်အစစ်ထိမှန် ကျဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးခဲ့သူတွေကတော့ ဦးဇော်မင်းဦး (၄၁ နှစ်)၊ မခိုင်ဇင်ထွန်း (၂၁ နှစ်)၊ မောင်ရဲထက်(ခ)စစ်ပိုင်ဦး (၂၁ နှစ်)၊ အမည်မသိအမျိုးသား ၁ ဦးနဲ့ မောင်ရန်ပိုင်ဦး (၁၅ နှစ်) တို့ဖြစ်ပြိး ကော့သောင်းမြို့မှာ စစ်အာဏာရှင်ကို တော်လှန်ရေး ပထမဆုံး ကျဆုံးခဲ့ကြတာလို့ ဆိုပါတယ်။