Home
မြန်မာသတင်း
ပေါင်မြို့တွင် စက်သုံးဆီပြတ်လပ်မည့်သတင်းကြောင့် အလုအယက်ဝယ်ယူနေကြ
DVB
·
March 24, 2021

မွန်ပြည်နယ်၊ ပေါင်မြို့မှာ စက်သုံးဆီပြတ်လပ်တော့မယ်ဆိုတဲ့သတင်းကြောင့် ဒီကနေ့ မတ်လ ၂၄ ရက် နေ့လယ်ပိုင်းကစပြီး ဒေသခံပြည်သူတွေ လောင်စာဆီ အလုအယက်ဝယ်ယူနေကြပါတယ်။

ပေါင်မြို့မှာ စက်သုံးဆီပြတ်လပ်လာပါက စက်ယန္တားနဲ့လုပ်ဆောင်နေရတဲ့ လုပ်ငန်းတွေ ရပ်ဆိုင်းမှုမရှိစေရေးအတွက် အခုလိုဝယ်ယူထားရတာဖြစ်တယ်လို့ ဒေသခံဦးမောင်မြင့်က DVB ကိုပြောပါတယ်။

" ဆီတွေမရောင်းတော့ဘူးဆိုပြီးတော့ ဒီနေ့လယ်ပိုင်းမှသတင်းကြားရတာ။ Denko ဆီဆိုင်မှာ သွားဝယ်တော့ ဆိုင်ပိတ်ထားလို့ ဒီမှာလာဝယ်တာပါ။ ဆီမရှိရင် ကျနော်တို့ အလုပ်တွေက လုပ်လို့မရတော့ဘူးလေ။ နောက်ပြီးဆိုင်ကယ်က နေ့တိုင်းစီးနေရတော့ ဆီမရှိရင် ကုန်းကြောင်းသွားလို့က အဆင်မပြေတော့ဘူးပေါ့"။

ပေါင်မြို့မှာ ဒီကနေ့ မွန်းလွဲ ၁ နာရီလောက်ကစပြီး DENKO စက်သုံးဆီအရောင်းဆိုင်မှ ဆီရောင်းချမှုကို ရပ်ဆိုင်းလိုက်တာကြောင့် ဒေသခံတွေအနေနဲ့ စက်သုံးဆီပြတ်လပ်မှာကို စိုးရိမ်နေကြတာပါ။

" လူတွေက ဒီနေ့လယ်ပိုင်းလောက်မှ အုပ်စုလိုက် အတင်းလုပြီးလာဝယ်ကြတာ။ ဒါကို အခွင့်ကောင်းယူပြီး စျေးတင်ရောင်းတာလည်း မရှိပါဘူး။ ကျနော့်ဆီမှာ ရှိသလောက်အားလုံးကိုရောင်းပေးသွားမှာပါ။ အမှန်တကယ်က ဆီပြတ်ဖို့အနေအ ထားလုံးဝမရှိသလို စျေးနှုန်းမြင့်တက်ဖို့လည်း မရှိပါဘူး။ စျေးနှုန်းပြန်ကျနိုင်တဲ့ အနေအထားတောင်ရှိပါတယ်" လို့ စက်သုံးဆီအရောင်းဆိုင်မှ လုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။

ပေါင်မြို့နယ်မှာ လက်ရှိအချိန်ထိ စက်သုံးဆီစျေးနှုန်းမှာ ဒီဇယ် ၁ လီတာကို ၈၅၀ ကျပ်၊ ဓာတ်ဆီ (92) ၁ လီတာကို ၈၇၅ ကျပ်၊ (95)၁လီတာကို ၉၂၅ ကျပ်နှုန်းနဲ့ ရောင်းချပေးနေကြောင်း သိရပါတယ်။

မြန်မာနိုင်ငံတဝန်းမှာ အကြမ်းဖက်စစ်အာဏာရှင်အုပ်စုကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ ပြည်သူတွေက ဒီကနေ့ ဈေးတွေ၊ ဆိုင်တွေပိတ်ပြီး လမ်းပေါ်မထွက်ဘဲ ဆန္ဒပြနေကြချိန်မှာ  မွန်ပြည်နယ် ပေါင်မြို့မှာ အခုလို  စက်သုံးဆီပြတ်လပ်တော့မယ်ဆိုတဲ့သတင်းထွက်လာတာပါ။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024