ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ၉၁ လမ်းနဲ့ မြန်မာ့ဂုဏ်ရည်လမ်းထောင့်ရှိ NLD အမတ် ဒေါ်ဖြူဖြူသင်းရဲ့ ရုံးခန်းကို မတ်လ ၁၆ ရက်နေ့ညပိုင်းက စစ်တပ်နဲ့ ရဲတွေက ဝင်ရောက်ဖျက်ဆီးခဲ့တယ်လို့ ဒေါ်ဖြူဖြူသင်းနဲ့ နီးစပ်သူ တစ်ဦးက ဒီဗွီဘီကိုပြောပါတယ်။
ည ၁၀ နာရီဝန်းကျင်မှာ အာဏာသိမ်းစစ်တပ်ရဲ့ တပ်ဖွဲ့ဝင်တွေက ဒေါ်ဖြူဖြူသင်းရုံးခန်းကို ဝင်ရောက်စီးနင်းဖျက်ဆီးခဲ့တာဖြစ်ပြီး ဖမ်းဆီးခံရမှုမရှိသလို ရုံးခန်းအတွင်းရှိပစ္စည်းတွေ ယူဆောင်သွားတာမရှိဘူးလို့ ဆိုပါတယ်။
ဒေါ်ဖြူဖြူသင်းဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်ကနေ အနိုင်ရရှိခဲ့သူဖြစ်သလို ရွေးကောက်ခံ NLD အမတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ပါတယ်။