ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်နဲ့ အင်းစိန်မြို့နယ်မှာ ဒီကနေ့ မတ်လ ၁၄ ရက်က ဆန္ဒပြပြည်သူတွေကို စစ်တပ်နဲ့ရဲတပ်ဖွဲ့က အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းမှုကြောင့် အနည်းဆုံး သေဆုံးသူ ၂၀ ကျော် ရှိနေပြီလို့ သိရပါတယ်။
လှိုင်သာယာမြို့နယ်ပင်မသိပိတ်ကို စစ်တပ်နဲ့ရဲတပ်ဖွဲ့က ဒီနေ့ နေ့လည် ၁၂ခွဲဝန်းကျင် မှာပစ်ခတ်ဖြိုခွင်းပြီး အကာအရံအတားအဆီးတွေကို မီးရိူ့ခဲ့ကာ အသံဗုံး ရာဘာကျည်၊ ကျည်အစစ်တွေနဲ့ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။
ပစ်ခတ်မှုကြောင့် ဒီကနေ့ည ၈ နာရီလောက်အထိ ဆေးရုံမှာ သေဆုံး ၁၈ ယောက်ရှိနေပြီး ဦးခေါင်းမှာ ဒဏ်ရာပြင်းထန်တဲ့သူ ၂ ယောက်အနက် ၁ ယောက်က အခြေအနေမကောင်းဘူးလို့ လှိုင်သာယာဆေးရုံက ဆရာဝန်မတယောက်က ပြောပါတယ်။ ဒါ့ပြင် ခြေလက်တွေထိပြီး ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဆိုပါတယ်။
စစ်တပ်ကဖြိုခွင်းပြီး နေ့လည်ပိုင်းမှာ လှိုင်သာယာမြို့နယ်နဲ့ မြို့နယ်ထဲက အနည်းဆုံး တရုတ်ပိုင် စက်ရုံ ၂ ရုံ မီးလောင်မှု ဖြစ်ပွားပြီး ည ၇ နာရီဝန်းကျင်အထိ မီးလောင်နေဆဲဖြစ်ပါတယ်။
ဒီနေ့မနက်ပိုင်း အင်းစိန်ပေါက်တောဝ ဘုရင့်နောင်လမ်း ဉယျာဉ်လမ်းထိပ် ဆန္ဒပြပြည်သူတွေကိုလည်း စစ်တပ်နဲ့ ရဲက ပစ်ခတ်ဖြိုခွင်းခဲ့ပြီးနောက် ဒဏ်ရရသူအချို့ ရှိတယ်လို့ ပေါက်တောဝမှာ နေထိုင်သူတဦးက ပြောပါတယ်။
ပစ်ခတ်ဖြိုခွင်းပြီးနောက် စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အောင်ဇေယျတံတားကနေ လှိုင်သာယာဘက်က ဆန္ဒပြသူတွေကို သွားရောက်ပစ်ခတ်ဖြိုခွင်းခဲ့တာလည်း ဖြစ်ပါတယ်။
ညနေ ၄ နာရီလောက်မှာ အင်းစိန် ပေါက်တောဝ ဆန္ဒပြသူတွေနဲ့ ကမ်းနားကလူတွေ စုပေါင်းပြီး အောင်ဇေယျတံတာားအလယ်လောက်မှာ အရံအတားတွေချကာ တုတ်တွေ လက်နက်တွေ ကိုင်ဆိုင်ပြီး လှိုင်သာယာဘက်ကနေ စစ်တပ်က မလာနိုင်အောင် ပိတ်ဆို့ထားခဲ့ကြပါတယ်။
ညနေ ၄ နာရီကျော်လောက် စစ်တပ်နဲ့ရဲတပ်ဖွဲ့က လှိုင်သာယာဘက်ကနေ တံတားပေါ် တက်လာပြီး တံတားအလယ်မှာ ပိတ်ဆို့ဆန္ဒပြတဲ့သူတွေကို ပစ်ခတ်ခဲ့တာကြောင့် ဆန္ဒပြသူ ၃ ဦး သေဆုံးပြီး အနည်းဆုံး ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆန္ဒပြရာမှာ ပါဝင်တဲ့ တက္ကသိုလ်ကျောင်းသားတဦးက ပြောပါတယ်။
“၃ ဦး သေဆုံးတဲ့ထဲက ၂ ဦးကို စစ်သားတွေက အောင်ဇေယျတံတားပေါ်ကနေ ရေထဲ ပစ်ချလိုက်တာတွေ့ရတယ်။ ၁ ဦးကတော့ ဆန္ဒပြသူတွေဘက်က အလောင်းပြန်ရတယ်။ တံတားပေါ်က ပစ်ချခံရတဲ့ ၂ ယောက်ကတော့ ရှာမတွေ့သေးဘူး။ ထိခိုက်ဒဏ်ရသူတွေထဲက အချို့က ပေါင်မှာမှန်တာရှိတယ်၊ လက်မှာလည်း တချို့ထိကြတယ်၊ ဒိုင်းကာထားတဲ့သူတွေ ထိကြတာ များတယ်” လို့ ပြောပါတယ်။
ဒီနေ့ အင်းစိန်ဘက်မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ လူစီးကား ၃ စီးအပါအဝင် စစ်ကား ၁၂ စီးလောက်နဲ့ အင်အား ရာနဲ့ချီ လာရောက် ဖြိုခွင်းခဲ့တာလို့ ဆိုပါတယ်။
ဒါ့အပြင် ဆန္ဒပြသူ ၁၀ ယောက်လောက်ကိုလည်း စစ်တပ်နဲ့ ရဲက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။
ဒီနေ့ ညနေ ၃ နာရီခွဲလောက်ကစပြီး အင်းစိန်တံတားအဆင်း လေဟာပြင်ဈေးရှေ့မှာ အရံအတားတွေကို မီးရှို့ထားတာတွေ့ရပြီး တံတားအတက်မှာလည်း ဆန္ဒပြသူတွေ အရံအတားတွေနဲ့ ပိတ်ဆို့ထားပါတယ်။ တံတားအဆင်း ပန်းခြံဘက်မှာတော့ စစ်ကား ၃ စီးလောက်ရှိပြီး စစ်သားတွေက သေနတ်တွေကိုင်ပြီး သွားလာနေကြပါတယ်။
ဒါ့အပြင် အင်းစိန်ပေါက်တောဝ မီးပွိုင့်မှာလည်း အရံအတားတွေကို မီးရှိုထားတာ မြင်တွေ့ရပါတယ်။
ဒေသခံတွေပြောကြားချက်အရ အင်းစိန်ခုံးတံတားကနေ အောင်ဇေယျတံတားအထိ လှိုင်မြစ်လမ်းတလျှောက် အရံအတားတွေကို စစ်တပ်က မီးရှိုတာရှိသလို ဆန္ဒပြသူတွေဘက်က ရှို့တာလည်း ရှိတယ်လို့ သိရပါတယ်။
ဒီနေ့ည ၉ နာရီခွဲကျော်အထိ အင်းစိန်ကမ်းနားအလယ်ဘက် အောင်ဇေယျတံတားအနီးမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေ ရှိနေဆဲဖြစ်ပြီး ပစ်ခတ်သံတွေကြားနေရဆဲဖြစ်ပါတယ်။