ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်မှာ မတ်လ ၈ ရက် မနက်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က သေနတ်နဲ့ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းခဲ့လို့ ၁၀ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူတွေက မြို့ပေါ်လမ်းတွေမှာ ဆန္ဒပြပြီး လူစုခွဲဖို့ ပြန်လာချိန်မှာ ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်တွေ့ပြီး ခုလို သေနတ်နဲ့ ပစ်ဖြိုခွဲတာခံခဲ့ရတာ ဖြစ်တယ်လို့ ဆန္ဒပြသူ ၁ ဦးက ပြောပါတယ်။
“မြို့ထဲပတ်ဆန္ဒပြပြီး ပြန်လာတဲ့လမ်းမှာ ထိပ်တိုက်တွေ့တာ၊ လူစုခွဲတော့မှာမလို့ အောင်တော်မူဘုရားရှေ့ကို ပြန်လာတာ။ အဲဒါကို ဘုရားအနားမရောက်ခင် လမ်းဆုံကနေ စောင့်ပစ်တာပါ” လို့ ဒေသခံက ပြောပါတယ်။
စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က ဖွင့်ပေးထားတဲ့ လမ်းမှာပဲ သေနတ်နဲ့ စောင့်ပစ်ခဲ့လို့ အနည်းဆုံး ၁၀ ဦးထက် မနည်း သေနတ်ဒဏ်ရာရရှိခဲ့သလို ဝန်ထမ်းတွေနဲ့ ဆန္ဒပြသူတချို့လည်း ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။
လပွတ္တာမြို့မှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဖေဖော်ဝါရီ ၇ ရက်နေ့က စတင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြတာတွေပြုလုပ်လာခဲ့တဲ့ ရက် ၃၀ ရက်မြောက်ရှိပြီ ဖြစ်တယ်လို့ သိရပါတယ်။