
မကွေးတိုင်းဒေသကြီးအတွင်းက မြို့နယ် ၃ ခုမှာ မတ် ၇ ရက်နေ့ကစလို့ တရားသူကြီး ၃ ဦး CDM လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်လာတယ်လို့ သိရပါတယ်။
အဲဒီတရားသူကြီးတွေကတော့ တောင်တွင်းကြီးမြို့နယ်တရားသူကြီး ဒေါ်စန်းသီတာအောင်၊ အထက်မင်းလှမြို့နယ် ဒုတိယမြို့နယ်တရားသူကြီး ဦးဒွန်းအောင်နဲ့ အောင်လံမြို့နယ် တွဲဖက်မြို့နယ်တရားသူကြီး ဦးသော်ဇင်ထက်တို့ ဖြစ်တယ်လို့ သိရပါတယ်။
CDM လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ရတာဟာ မည်သူတစ်ဦးတစ်ယောက်ရဲ့ လှုံ့ဆော်စည်းရုံးမှုမပါဘဲ မိမိသဘောဆန္ဒအရ ပြုလုပ်တာဖြစ်ပြီးတော့ ဌာန၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အကြီးအကဲများအပေါ် မထီမဲ့မြင်ပြုလုပ်တာ မဟုတ်ဘူးလို့ သူတို့ရဲ့ Facebook လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရေးသားထားပါတယ်။
တရားရေးဌာနမှာ ပြည်သူတွေကို ဥပဒေဘောင်အတွင်းက အကာကွယ်ပေးမယ်ဆိုတဲ့ ခံယူချက်နဲ့ တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပြီး စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဥပဒေ ဘောင်အတွင်းမှ အကာကွယ်ပေးနိုင်ခြင်းမရှိတော့ဘူးလို့ ယူဆပြီး CDM လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ရတာလို့ ရေးသားထားပါတယ်။