ပခုက္ကူမြို့မှာ CDM လုပ်တဲ့ ဝန်ထမ်း အယောက်ထောင်ချီရှိလာပြီး ဝန်ထမ်း ၅၀၀ ကျော်ကို ထောက်ပံ့ကူညီပေးထားပြီးဖြစ်တယ်လို့ CDM ဂုဏ်ပြု ကူညီရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
CDM မှာပါဝင်ပြီး ဆက်သွယ်လာတဲ့ အခက်အခဲ ဖြစ်သူတွေကို ငွေကျပ် တစ်သိန်း ဒါမှမဟုတ် ဆန် ၆ သောင်းတန်တစ်အိတ်နဲ့ ဆီ ၆၅၀၀ တန် နှစ်ဘူး ကူညီပေးတာဖြစ်ပြီး ဂုဏ်ပြုငွေ ငါးသောင်းကိုပါ ပေးအပ်တယ်လို့ သိရပါတယ်။
“စာရင်းအတိအကျ ကျနော်တို့ ကောက်ထားတာတော့မရှိသေးဘူး။ ဒါပေမယ့် ထောင်ချီပြီးတော့ရှိတယ်။ ကျနော်တို့အဖွဲ့ကနေပြီးတော့ CDM ဝင်ရင်း အခက်အခဲဖြစ်တဲ့ လူတွေကို လက်ရှိထောက်ပံ့ပေးထားတာက ၅၂၅ ဦးအထိရှိသွားပြီ။ ကျနော်တို့ တစ်ဦးချင်းကို ငွေသားယူမယ်ဆိုရင် ၁ သိန်းရမယ် ပစ္စည်းယူမယ်ဆိုရင်လည်း ဆန်အိတ်တစ်အိတ် (၆သောင်းတန်တစ်အိတ်) ရယ် ဂုဏ်ပြုငွေ ၅ သောင်းကျပ်ရယ်၊ နောက်တစ်ခုက ဆီ ၆၅၀၀ တန် နှစ်ဘူးပေါ့လေ အဲ့ဒါပေးပါတယ်။ ဒါကတော့ တစ်ဦးချင် အကူအညီလာတောင်းရင်ပေါ့လေ။ ပမာ ရထားဝန်ထမ်းတို့ ရေနံကဝန်ထမ်းတို့ဆိုရင် ၁၀၀ ကျော်တယ်၊ အဲ့လိုဆိုရင် ကျနော်တို့က ဆန်အိတ် ၁၂၇ အိတ်၊ ဆီချိန်က ၁၅ ပိဿာ ရန်ပုံငွေဘယ်လောက်ဆိုပြီးတော့ ပေးတာမျိုးတွေရှိပါတယ်။”
ပခုက္ကူမြို့နယ် မြေအတွင်းမှာရှိနေတဲ့ CDM လုပ်နေတဲ့ ဝန်ထမ်းအားလုံးကို ထောက်ပံ့ပေးနေတာလို့ သိရပါတယ်။
“အမှန်တရားကို ချစ်လို့ CDM လုပ်ခဲ့တာပါ၊ CDM လုပ်တဲ့အခါမှာတေ့ာ အခက်အခဲတော့ မရှိပါဘူး။ မြို့ခံတွေကလည်း ထောက်ပံ့တယ်၊ မတရားတာကို လက်ပိုက်ကြည့်မနေနိုင်လို့ အဲ့ဒါကြောင့် လုပ်လိုက်တာပါ၊ မလုံခြုံဘူးလို့ ခံစားရတယ်> နေ့စဉ်နဲ့အမျှပေါ့။ ဖြည့်ပေးချင်တာကတော့ အမေစုနဲ့ သမ္မတကြီး အမြန်ဆုံးလွတ်ပြီးတော့ မြန်မာပြည်ကြီး အမြန်ဆုံးအေးချမ်းချင်တာပေါ့” လို့ ပခုက္ကူမြို့ စိုက်ပျိုးရေး ဦးစီးဌာနက CDM လုပ်နေတဲ့ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
ပခုက္ကူမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်း ၁၈ ဦးနဲ့ ရဲဝန်ထမ်းနှစ်ဦးလည်း မတ်လ ၄ ရက်နေ့က CDM မှာ ပူးပေါင်းပါဝင်ထားပြီးဖြစ်ပါတယ်။