Home
မြန်မာသတင်း
နိုင်ငံတကာသံရုံးဖေ့စ်ဘွတ်ခ်စာမျက်နှာများတွင် ဝမ်းနည်းကြောင်း အနက်ရောင်ကာဗာပုံ ပြောင်းလဲ
DVB
·
March 4, 2021

မြန်မာနိုင်ငံအနှံ့ မြို့ကြီးတွေမှာ  မနေ့က မတ် ၃ ရက်နေ့ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ကြတဲ့ လက်နက်မဲ့ပြည်သူတွေကို စစ်တပ်နဲ့ ရဲတွေက အကြမ်းဖက်ပစ်ခတ်နှိမ်နင်းကြတဲ့အတွက် ထိခိုက်ကျဆုံးမှုတွေ များစွာ ရှိခဲ့ပါတယ်။

ဒါနဲ့ ပတ်သက်ပြီး ပြည်သူတွေနဲ့အတူ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာသံရုံး ဖေ့စ် ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာတချို့ကလည်း ဝမ်းနည်းကြောင်းအထိမ်းအမှတ် အနက် ရောင်ကာဗာပုံတွေ ပြောင်းလဲခဲ့ကြတာကို တွေ့ရပါတယ်။

အဲဒီလိုပြောင်းလဲထားကြတဲ့ သံရုံးစာမျက်နှာတွေထဲမှာတော့ အမေရိကန်သံရုံးစာမျက်နှာက အနက်ရောင်သိမ်းငှက်ပုံပါ ပြောင်းလဲထားခဲ့ပြီး ကနေဒါနိုင်ငံနဲ့ ဥရောပနိုင်ငံတွေဖြစ်ကြတဲ့ ပြင်သစ်၊ အီတလီ၊ ဂျာမနီ၊ နယ်သာလန်၊ ဖင်လန်၊ ဆွစ်ဇာလန်၊ ဆွီဒင်၊ ဒိန်းမတ် စတဲ့နိုင်ငံတွေလည်း ပါဝင်နေတာကို တွေ့ရပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်နေ့  မနက်အစောပိုင်းက နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရခေါင်းဆောင် ပိုင်းတချို့ကို စစ်တပ်ကဖမ်းဆီးလိုက်ကာ နိုင်ငံတော်အာဏာသိမ်းယူလိုက်ပြီးနောက် တနေ့မှာပဲ ပြည်သူတွေဟာ ညစဉ်သံပုံးတီးဆန့်ကျင်တာတွေ၊ ဖယောင်းတိုင်မီးထွန်းဆု တောင်းပွဲတွေနဲ့အတူ အကြမ်းမဖက်တဲ့နည်းနဲ့ ဆန္ဒပြနေကြတာပါ။

တဆက်တည်းမှာပဲ စစ်တပ်ရဲ့ အာဏာသိမ်းလုပ်ရပ်ကို ကန့်ကွက်ရှုတ်ချတဲ့အနေနဲ့ ဆေးလောကသားတွေက စတင်ကာ  အာဏာဖီဆန်ရေးလှုပ်ရှားမှု(Civil Disobedience Movement)ကို လုပ်ဆောင်နေကြတာ ဖြစ်ပြီး လက်ရှိမှာတော့ တခြား ကဏ္ဍအသီးသီးက ပြည်သူ့ဝန်ထမ်းတွေ၊ အနုပညာရှင်တွေ၊ ပြည်သူတွေကပါ ပူးပေါင်း ပါဝင်လှုပ်ရှားနေကြတာပါ။

နောက်ပိုင်းမှာတော့ နိုင်ငံတဝန်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပြည်သူတွေ မြို့ရွာအနှံ့ ပါဝင်နေခဲ့ကြပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက အကြမ်းဖက် ပစ်ခတ်နှိမ်နင်းမှုတွေနဲ့ အခြေအနေတွေ ပိုမိုတင်းမာလာနေခဲ့တာ ဖြစ်ပါတယ်။ 

၂ ငါးလုံးအထွေထွေသပိတ်အပြီး ဒုတိယအကြိမ်မြောက် ပြည်လုံးကျွတ် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲအနေနဲ့ Milk Tea Alliance လှုပ်ရှားမှုကို ဖေဖော်ဝါရီ ၂၈ ရက်က မြန်မာနဲ့အတူ ထိုင်း၊ ဟောင်ကောင်၊ အိန္ဒိယ၊ အင်ဒိုနီးရှားနဲ့ ထိုင်ဝမ် စတဲ့ နိုင်ငံတွေမှာပါ ဆင်နွှဲခဲ့ကြတာ ဖြစ်ပါတယ်။

လတ်တလော မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး လူထု လှုပ်ရှားမှုတွေမှာ စစ်တပ်က အင်အားသုံးဖြိုခွင်းတာတွေကို ချက်ချင်းရပ်တန့်ဖို့ ကုလ သမဂ္ဂလူ့အခွင့်အရေးရုံးကလည်း သတင်းထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ ၂၈ တရက်တည်းမှာတင် နိုင်ငံအနှံ့ နေရာများစွာမှာ ရဲနဲ့ စစ်တပ် အင်အားစုတွေက ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို လူသေစေလောက်တဲ့ အင်အားသုံးပြီး တော့ရော အသက်သေဆုံး လောက်အောင် မပြင်းထန်တဲ့ အင်အားတွေ သုံးပြီးတော့ပါ တိုက်ခိုက်ခဲ့လို့  အနည်းဆုံး ၁၈ ဦး အသက်ဆုံးရှုံးခဲ့ပြီး လူပေါင်း ၃၀ ကျော် ထိခိုက်ဒဏ် ရာရခဲ့ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ခိုင်လုံတဲ့ သတင်းအချက်အလက်တွေ အရ လက်ခံရရှိထားတယ်လို့ ဆိုပါတယ်။

သေဆုံးမှုတွေ ဖြစ်ပွားခဲ့ရတဲ့ မြို့ကြီးတွေမှာ ကျည်ဆန်အစစ်တွေအသုံးပြုပြီး လူအုပ်တွေထဲကို ပစ်ခတ်ခဲ့တဲ့အတွက်ကြောင့်ဖြစ်ကာ နေရာအနှံ့ အသံမြည်ဗုံး၊ မီးဗုံးနဲ့ မျက်ရည်ယိုဗုံးတွေကိုလည်း အသုံးပြုခဲ့ ကြကြောင်း ဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်အာဏာသိမ်းမှု တလတာရှိလာခဲ့ချိန်မှာ ရဲနဲ့ စစ်တပ်အင်အားစုတွေရဲ့ ပစ်မှတ်ထား အကြမ်းဖက်ဖြိုခွင်းမှုကြောင့် အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊ သတင်းသ မားတွေ ထိခိုက်ဒဏ်ရာရရှိတာတွေ၊ ဖမ်းဆီးခေါ်ဆောင်တာတွေလည်း ပိုမိုမြင့်တက်နေပါ တယ်။

စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒပြပြည်သူတွေကို မတ် ၃ ရက်နေ့မှာ ရဲနဲ့စစ်တပ်က အကြမ်းဖက် ပစ်ခတ်နှိမ်နင်းမှုကြောင့် ရန်ကုန်အပါအဝင် မြို့နယ်အချို့မှာ ဒီနေ့ညနေအထိ စုစုပေါင်း သေဆုံးသူ ၃၈ ယောက်ရှိတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024