
ထိုင်းနိုင်ငံမှာ ကျင်းပမယ့် Miss Grand International ၂၀၂၀ အလှမယ်ပြိုင်ပွဲကို မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ အလှမယ်ဟန်လေးက ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရောက်ရှိနေပါတယ်။
ဒီပြိုင်ပွဲကို အစပိုင်းတုန်းကတော့ ဗင်နီဇွဲလားနိုင်ငံမှာ ကျင်းပဖို့ ကြေညာခဲ့ပေမယ့် ကိုဗစ်-၁၉ ကပ်ဘေးကြောင့် ရွှေ့ဆိုင်းခဲ့ရပြီး ထိုင်းနိုင်ငံမှာ ကျင်းပဖို့ ဖြစ်လာခဲ့တာပါ။
အလှမယ် ဟန်လေးဟာ မယ်စကြဝဠာ မြန်မာ ၂၀၂၀ အလှမယ်ပြိုင်ပွဲမှာ 1st Runner Up ဆုရရှိခဲ့တဲ့အတွက် Miss Grand International ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ်အနေနဲ့ ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။
Miss Universe Myanmar ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာတော့ အလှမယ်ဟန် လေးဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၅ ရက် မနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကို ထွက်ခွာသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
လာမယ့် မတ်လ ၂၇ ရက်နေ့မှာ ဖိုင်နယ်ပြိုင်ပွဲအနေနဲ့ ကျင်းပမယ့် ဒီပြိုင်ပွဲကို လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်ကတည်းက စတင်ကျင်းပခဲ့တာဖြစ်ပြီး တခြား ကမ္ဘာ့နိုင်ငံအလှမယ်တွေလည်း ဝင်ရောက်ယှဉ်ပြိုင်သွားကြမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် Miss Grand International အလှမယ်ပြိုင်ပွဲမှာတော့ မြန်မာ နိုင်ငံကိုယ်စားပြုအနေနဲ့ အလှမယ် မွှေးသက်က ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။