မန္တလေးမြို့မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ က ကားတွေနဲ့ လှည့်လည်ပြီး စစ်အာဏာရှင်ပြုတ်ကျရေး ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုနေတဲ့ပြည်သူလူထုကို သေနတ်ပစ်ခတ်ဖြိုခွင်းတာနဲ့ လေးခွနဲ့ ပစ်တာတွေ ဖေဖော်ဝါရီလ ၂၆ ရက် နေ့လည်ပိုင်းက လုပ်ဆောင်နေပါတယ်။
ဒီလို လူစုလူဝေးဖြိုခွင်းတာကို ၇၈ လမ်း ဒိုင်းမွန်းပလာဇာအနီး ၊ မြတောင်ကျောင်းတိုက်ရှေ့ ၊ မနောရမ္မံဥယျာဉ်အနီးနဲ့ ဘူတာကြီးရှေ့ စတဲ့ နေရာတွေမှာ လုပ်ဆောင်သွားပြီး ဖမ်းဆီးခံရသူဟာ ၃၀ ထက်မနည်းရှိတယ်လို့ သိရပါတယ်။
ဒါ့အပြင် လမ်းတစ်လျှောက်မှာ သတင်းမှတ်တမ်းရယူနေတဲ့ သတင်းမီဒီယာတွေကိုပါ လေးခွတွေနဲ့ ပစ်ခတ်တာရှိနေပါတယ်။ ပစ်ခတ်မှုကြောင်း အများပြည်သူ ဒဏ်ရာအနည်းငယ်ရပြီး ဘယ်လောက်ဒဏ်ရာရတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
မန္တလေးမြို့၊ ၃၆-၃၈လမ်းကြား၊ ၆၂လမ်းတစ်လျှောက်မှာ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေနဲ့ ပြည်သူတွေကို ဒီနေ့ မွန်းလွဲ နှစ်နာရီကျော်မှာ စစ်တပ်နဲ့ ရဲက ပစ်ခတ် အကြမ်းဖက် ရိုက်နှက် ဖမ်းဆီးသွားပါတယ်။
သေနတ်ကျည် အစစ်တွေပစ်ဖောက်ခဲ့တဲ့အပြင် ရာဘာကျည်နဲ့ ပစ်ခတ်တာ၊ ရိုက်နှက်ခဲ့တာတွေကြောင့် ထိခိုက် ဒဏ်ရာရသူတွေရှိပြီး ဘယ်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိတယ်ဆိုတာကို အတိအကျ မသိရသေးပါဘူး။
လူတွေကို ရိုက်နှက်ဖမ်းဆီးခဲ့တဲ့အပြင် ဆိုင်ကယ်တွေကိုပါ ရိုက်နှက်ဖျက်စီးပြီး ဆိုင်ကယ်တချို့မှာ ပါတဲ့ လက်ကိုင်ဖုန်းတချို့ကိုပါ ယူဆောင်သွားတယ်လို့ မျက်မြင်တွေ့ရသူတွေက ပြောပါတယ်။
လတ်တလောမှာတော့ လူမှုကူညီရေးအသင်းတွေက ကူညီ ကုသပေးနေပြီး မနက်ပိုင်းကလည်း ၇၈လမ်း ၊ ၃၂နဲ့ ၃၄လမ်းကြားမှာ ပစ်ခတ်ဖမ်းဆီးမှုတွေပြုလုပ်ခဲ့ပါတယ်။
ထိန်ထိန်လင်း