လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာတဲ့အကျဥ်သားတွေ ပြစ်မှုကျူးလွန်ရင် လွတ်ငြိမ်းတုန်းက ကျန်တဲ့ပြစ်ဒဏ်ကြွေးနဲ့ ထပ်ကျူးလွန်တဲ့ပြစ်မှု နှစ်ခုပေါင်းပြီး ပြစ်ဒဏ်ကျခံရမယ်လို့ ရန်ကုန်တိုင်းအကျဥ်းဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူး ဦးဇော်ဇော်က ဒီဗွီဘီကို ပြောပါတယ်။
အာဏာသိမ်းကောင်စီက ညမထွက်ရအမိန့်ထုတ်ထားတဲ့ ရန်ကုန်မြို့နယ်တွေထဲက လမ်းတချို့မှာ မနေ့ညက လွတ်ငြိမ်းခွင့်နဲ့ ထောင်ကထွက်လာသူတချို့အပါအဝင် ဘယ်ကမှန်းမသိတဲ့ လူစိမ်းတွေ ဝင်လာတာကြောင့် ရပ်ကွက်နေပြည်သူတွေက လိုက်လံဖမ်းဆီးတာတွေ လုပ်ခဲ့ရပါတယ်။
“အခုလွှတ်တာက ပြစ်မှုထပ်ကျူးလွန်မယ်ဆိုရင် လက်ရှိပြစ်မှုပါ အပါအဝင် ထပ်ပြီးတော့ ပြစ်ဒဏ်ကို ခံစားရမယ်ဆိုပြီးတော့ ခံဝန်ထိုးရတယ်။ စည်းကမ်းသတ်မှတ်ချက်နဲ့ လွှတ်တာပေါ့နော်။ တကယ်လို့ အပြင်မှာ စည်းကမ်းဖောက်ဖျက်တယ်ဆိုရင် သူတို့ကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့ကို အပ်ရမှာပေါ့နော်။ အပ်ပြီးရင် လက်ရှိဖောက်တဲ့ပြစ်မှုရော အကျဥ်းထောင်မှာ လွှတ်ပေးလိုက်တဲ့ ပြစ်မှုရော နှစ်ခုလုံးပြန်ခံရမှာဖြစ်တယ်။ ကိုယ်တို့ဌာနအနေနဲ့ကတော့ သူတို့ သက်ဆိုင်ရာနေအိမ်တွေကို ကောင်းကောင်းမွန်မွန် ပြန်ရောက်အောင် လိုက်ပို့ပေးလိုက်တာပဲ။ ဒါပေမဲ့ သူတို့ကလည်း အိမ်မှာနေချင်မှနေမှာပဲ၊ တချို့တလေကလည်း လျှောက်ထွက်တာလည်း ရှိမှာပေါ့။ ကျန်တာတော့ ကိုယ်တို့ဘက်ကနေ တမင်တကာ ရည်ရွယ်တာတွေ ဘာမှမရှိပါဘူး။" လို့ ပြောပါတယ်။
ရန်ကုန်မြို့နယ်တော်တော်များများမှာ မနေ့ညက ပြည်သူတွေ ဝိုင်းဝန်းဖမ်းဆီးခဲ့တဲ့သူတွေထဲမှာ လွတ်ငြိမ်းနဲ့လွတ်လာသူတွေ၊ မူးယစ်ဆေးဝါးဖြတ်သူတွေ၊ အသက် ၁၈ နှစ်မပြည့်သေးတဲ့သူတချို့လည်း ပါပါဝင်လာပါတယ်။ ဒီရက်ပိုင်းအတွင်း မြို့ကြီးတချို့မှာ ဒီလိုဖြစ်စဥ်တွေ ဖြစ်ပွားနေတာပါ။
ဖေဖော်ဝါရီ ၁၂ ရက် နေ့က တနိုင်ငံလုံး လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာတဲ့အကျဥ်သား ၂၃၀၀၀ ကျော်ရှိပြီး ရန်ကုန်အင်းစိန်အကျဥ်းထောင်က အကျဥ်းသား ၁၀၀၀ ကျော် ပါဝင်ပါတယ်။
ညီငယ်