မြန်မာပြည်သူပြည်သားတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့်ကို အလေးထားတဲ့ အကြောင်းနဲ့ အာဏာသိမ်းစစ်ကောင်စီ၊ တပ်မတော်နဲ့ ဆက်နွှယ်နေတဲ့ လူမှုကွန်ရက် စာမျက်နှာများကို လျှော့ချသွားမယ်လို့ ဖေ့ဘွတ်ခ်ကုမ္ပဏီက ကြေညာပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းလိုက်ကတည်းက မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို အရေးပေါ်အနေအထားတရပ်အနေနဲ့ စောင့်ကြည့်နေကြောင်း ဖေ့စ်ဘွတ်ရဲ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့ သတင်းထုတ်ပြန်ချက်ထဲမှာရေးသားထားပါတယ်။
လက်ရှိလုပ်ဆောင်ချက်တွေထဲမှာ သတင်းအမှားတွေ ဖြန့်နေတဲ့ တပ်မတော်နဲ့ဆက်နွှယ်တဲ့ စာမျက်နှာတွေ၊ ဖေ့စ်ဘွတ်ခ်အကောင့်တွေကို သိသာထင်ရှားစွာ လျှော့ချနေတယ်လို့ ပြောပါတယ်။
ဒီအထဲမှာ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ စာမျက်နှာမျိုးတွေကို တခြားသူတွေ ရှုမြင်နိုင်မှုနှုန်းကို သိသိသာသာလျှော့ချလိုက်သလို လတ်တလော ပြန်ကြားရေးဒုဝန်ကြီး ဖြစ်လာတဲ့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းနဲ့ တခြားတပ်မတော်ဆိုင်ရာ ပုဂ္ဂလိကအကောင့်တွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အရင်ကရှိထားတဲ့ မြန်မာအစိုးရနဲ့ ဖေ့စ်ဘွတ်ခ်အကြား ဆက်သွယ်ရေးလမ်းကြောင်းကနေတဆင့် ရှင်းလင်းဖယ်ရှားရေး အကြောင်းကြားချက်တွေကိုလည်း အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်ပါတယ်။
မြန်မာပြည်သူတွေရဲ့ ဆန္ဒထုတ်ဖော်ခွင့်၊ နိုင်ငံရေးပြောကြားချက်၊ ကမ္ဘာသိအောင်လှုပ်ရှားမှုတွေကိုတော့ ဖေ့စ်ဘွတ်ခ်အနေနဲ့ ကာကွယ်ပေးသွားမှာဖြစ်ပြီး တခြားနိုင်ငံတွေအနေနဲ့အတူ ဒဏ်ခတ်ပိတ်ဆို့ရေးလုပ်ငန်းစဉ်တွေအပေါ်လည်း စောင့်ကြည့်နေကြောင်းဖော်ပြထားပါတယ်။
လက်ရှိမှာတော့ မြန်မာနိုင်ငံတွင်းမှာ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ကို ဖေဖော်ဝါရီ ၄ ရက်နေ့ကစလို့ အာဏာသိမ်းစစ်ကောင်စီက ပိတ်ဆို့စေခိုင်းထားပြီး ပြည်သူတွေအနေနဲ့ နည်းလမ်းမျိုးစုံနဲ့ သုံးစွဲနေကြသလို တပ်မတော် စာမျက်နှာတွေနဲ့ ပြန်ကြားရေးဌာနရဲ့ စာမျက်နှာတွေက အာဏာသိမ်းအစိုးရရဲ့ သတင်းတွေကို ထုတ်လွှင့်နေဆဲ ဖြစ်ပါတယ်။