
အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ နိုင်ငံ့ဝန်ထမ်း၊ ပြည်သူ့ဝန်ထမ်းအားလုံး ပါဝင်လာကြဖို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်က တိုက်တွန်းလိုက်ပါတယ်။
"ဒီကနေ့မှာ အစိုးရယန္တရားကြီးထဲမှာ ရှိနေကြတဲ့ ပြည်သူ့ဝန်ထမ်းတွေ၊ နိုင်ငံဝန်ထမ်းတွေ၊ ပြီးတော့ လေကြောင်းလိုင်းက လေယာဉ်မောင်မယ်တွေ၊ တက္ကသိုလ်ကျောင်းသူကျောင်းသားတွေနဲ့ ဆရာဆရာမတွေ တခဲနက် ပူးပေါင်းပါဝင်လာကြတာက ကျနော်တို့အတွက် အားတရပ်ပါပဲ။ နောက်ထပ်နောက်ထပ် နိုင်ငံဝန်ထမ်းတွေ၊ ပြည်သူ့ဝန်ထမ်းတွေ အားလုံးလည်း ပူးပေါင်းပါဝင်လာကြပါလို့ တိုက်တွန်းနှိုးဆော်ပါတယ်။"
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရာမှာ ဘယ်သူတွေက ဘယ်လိုပုံစံမျိုး ဆန့်ကျင်တယ်ဆိုတာထက် ရင်ထဲဆန္ဒရှိတဲ့အတိုင်း ဖော်ထုတ်ပြသဖို့နဲ့ ရင်ထဲကလာတဲ့ ဆန္ဒကသာ အင်အားဖြစ်စေတယ်လို့ ဆိုပါတယ်။
အာဏာသိမ်းမှုကို လက်မခံဘဲ လွှတ်တော်ခေါ်ယူမှုကို ထောက်ခံကြိုဆိုပြီး အဲဒီက ရလာမယ့် အကျိုးဆက်တွေကိုလည်း ပြည်သူတွေ ဝန်းရံထောက်ခံကြဖို့ ဦးဖြိုးဇေယျာသော်က တိုက်တွန်းပါတယ်။
ဒါ့အပြင် မန္တလေးဆေးတက္ကသိုလ်ရှေ့မှာ ဆန့်ကျင်ဆန္ဒပြသွားခဲ့ကြတဲ့သူတွေက ပြည်သူအစစ်အမှန်တွေဖြစ်ပြီး ပြည်သူ့ဆန္ဒအမှန်တွေကို ထုတ်ဖော်ပြသသွားတဲ့သူတွေဆိုတာ အာမခံတယ်လို့ဆိုပါတယ်။