တပ်မတော်က အာဏာသိမ်းတဲ့အပေါ် ဆန့်ကျင်ကြောင်းနဲ့ မြန်မာ့အရေးကို ဂျပန်အစိုးရက အကူအညီပေးရေးအတွက် ဂျပန်နိုင်ငံ တိုကျိုမြို့ နိုင်ငံခြားရေးဝန်ကြီးဌာနရှေ့မှာ မြန်မာနိုင်ငံထောင်နဲ့ချီ ဒီနေ့ နေ့လယ်ပိုင်းက ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
ဂျပန်နိုင်ငံတဝန်းက မြန်မာနိုင်ငံသား ၄၀၀၀ နီးပါး လာရောက်ခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိန်းသိမ်းခံထားသူတွေ အမြန်ဆုံးလွှတ်ပေးရေးအတွက် ဂျပန်အစိုးရအနေနဲ့ အာဏာသိမ်းစစ်တပ်ကို ဖိအားပေးဖို့နဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုပေးရေးတို့ကို တောင်းဆိုခဲ့ကြပါတယ်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့တောင်အာရှညွှန်ကြားရေးမှူးကို တိုက်ရိုက်ဝင်ရောက်တွေ့ဆုံကာ တောင်းဆိုခဲ့ကြတယ်လို့ ဆန္ဒပြပွဲဦးဆောင်သူတဦးဖြစ်တဲ့ ဦးမိုင်ကျော်ဦးက ပြောကြားခဲ့ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားခေါင်းဆောင်တွေကို လွှတ်ပေးဖို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး မိုတဲဂီ တိုရှီမိဆုက မြန်မာ စစ်တပ်ကို တောင်းဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ အရေးပေါ်အခြေအနေ ကြေညာချက် ထုတ်ပြန်ခဲ့တာနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေ ထိခိုက်လာနေတဲ့အပေါ် ဂျပန်အစိုးရအနေနဲ့ အလွန်အမင်း စိုးရိမ်ကြောင်းလည်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။