တပ်မတော်က အာဏာသိမ်းပြီး ၃ ရက်မြောက်နေ့ဖြစ်တဲ့ ဖေဖော်ဝါရီ ၃ ရက်နေ့ မနက်ပိုင်းက ပုသိမ်မြို့ လူစည်ကားရာနေရာအနှံ့မှာ စစ်တပ်အာဏာသိမ်းမှု ဆန့်ကျင်ရေးစာတွေ မြို့အနှံ့ ရေးဆွဲတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
စစ်အာဏာသိမ်းတာကို အလိုမရှိကြောင်း ကန့်ကွက်တဲ့အနေနဲ့ “တပ်မတော် အလိုမရှိ၊ အာဏာရှင်စနစ် တွန်းလှန်ကြ၊ စစ်တပ်အာဏာသိမ်းမှု အလိုမရှိ” စတဲ့ စာတွေကို မြို့ရဲ့ လူစည်ကားရာ နေရာတွေမှာ မှုတ်ဆေးဘူးနဲ့ လိုက်လံရေးဆွဲခဲ့တာလို့ သိရပါတယ်။
ရဲတပ်ဖွဲ့က စာတမ်းရေးသူကို လိုက်လံရှာဖွေဖမ်းဆီးတာတွေ ပြုလုပ်နေသလို စာတမ်းတွေကိုလည်း ဆေးအဖြူတွေနဲ့ လိုက်လံ ဖျက်ပစ်နေတာ တွေ့ရပါတယ်။
စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့အနေနဲ့ ပုသိမ်တက္ကသိုလ်အနီး ထရန်စဖော်မာ၊ ပုသိမ်ကမ်းနား တံတားနဲ့ ပုသိမ်မြို့ အမှတ် ၅ ရပ်ကွက်က ခြံနံရံတွေမှာ ရေးဆွဲခဲ့တာပါ။
ပုသိမ်မြို့မှာ ဖေဖော်ဝါရီ ၂ ရက်နေ့ ညပိုင်းကလည်း စစ်တပ် အာဏာသိမ်းမှု အလိုမရှိကြောင်း ''Fuck The Coup'' စာတန်းကို ဖယောင်းတိုင်မီးနဲ့ ပုံဖော်တဲ့ ကမ်ပိန်းကို ဧရာဝတီလူငယ်ကွန်ရက်က ပြုလုပ်ခဲ့ပါတယ်။
သတင်း - မင်းထက်မုန်း(ပုသိမ်)