အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူးဖြစ်တဲ့ မုံရွာအောင်ရှင်ကို အာဏာပိုင်တွေက မနေ့မနက်က ဖမ်းဆီးသွားပြီး ဧည့်ရိပ်သာတစ်ခုမှာ ထိန်းသိမ်းထားတာဖြစ်တယ်လို့ မိသားစုက ပြောပါတယ်။
မုံရွာအောင်ရှင်ရဲ့ ဇနီး ဒေါ်ကေသွယ်မိုးက “မနေ့နေ့လည်ပိုင်းမှာ အရပ်ဝတ်နဲ့လူတချို့ သူ့နေအိမ်ကိုရောက်လာပြီး လိုအပ်တဲ့ ဆေးဝါးနဲ့အဝတ်အထည်ထည့်ပေးဖို့ပါတဲ့ မုံရွာအောင်ရှင် လက်ရေးမူပါစာကို ပြပြီး အဲဒါတွေကို လာရောက်ယူဆောင်သွားတယ်” လို့ ပြောပါတယ်။
မုံရွာအောင်ရှင်ကိုတော့ ဧည့်ရိပ်သာတစ်ခုမှာ ထားကြောင်းပြောဆိုခဲ့ကာ ဘယ်မှာ ထားတယ်ဆိုတာတော့ အတိအကျမပြောခဲ့ဘူးလို့လည်း ဒေါ်ကေသွယ်မိုးကပြောပါတယ်။
ဖမ်းဆီးထိန်းသိမ်းခံထားသူတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့နဲ့ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုပေးဖို့ အန်အယ်လ်ဒီ ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဖေဖော်ဝါရီ ၂ ရက်နေ့ မနက်ပိုင်းမှာ ကြေညာချက်ထုတ်ပြန်ထားပါတယ်။