
ထိုင်းတောင်ပိုင်၊ နခွန်းဆီထမရတ်ခရိုင်ထဲမှာ ရထားစီးပြီး ဘန်ကောက်သွားမယ့် မြန်မာ ရွေ့ပြောင်းလုပ်သား ၅ ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ matichon ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
အသက် ၂၅ မှ ၃၀ ကြားရှိ မြန်မာလုပ်သား ၅ ဦးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၄ ရက် ညက နခွန်းဆီထမရတ်ဘူတာကနေ ဘန်ကောက်ကို ရထားနဲ့သွားဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အပူချိန်တိုင်းစက် ဖြတ်ကျော်စဉ် ၂ ဦးမှာ ကိုယ်ပူချိန်မြင့်နေတာကိုတွေ့ရတဲ့အတွက် တာဝန်ရှိ သူတွေက ခေါ်ယူ စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
သူတို့ကို စစ်ဆေးမေးမြန်းရာမှာတော့ ထိုင်းစကားနားမလည်ကြတဲ့အပြင် နေထိုင်ခွင့်လက်မှတ် အထောက်အထားတစုံတရာမရှိတဲ့အတွက် မီးရထားဆိုင်ရာ တာဝန်ရှိသူတွေက သက်ဆိုင်ရာကို ဆက်လက်အကြောင်းကြားခဲ့ပါတယ်။
မကြာခင် လဝက၊ အုပ်ချုပ်ရေးပိုင်းနဲ့ ကျန်းမာရေးဌာနက တာဝန်ရှိသူတွေ ရောက်လာကြပြီးသူတို့ ၅ ဦးကို ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးတဲ့အပြင် မီးရထားလက်မှတ်ရလာပုံကို စစ်ဆေးခဲ့ပါတယ်။
သူတို့ကို ထိုင်းအမျိုးသားတစ်ယောက်က လက်မှတ်ဝယ်ပေးခဲ့တာကြောင့် လူကုန်ကူးမှုနဲ့ ပတ်သက်ခြင်းရှိမရှိ ဆက်လက်စုံစမ်းစစ်ဆေးသွားမယ်လို့ တာဝန်ရှိသူက ပြောပါတယ်။
နောက်ဆက်တွဲသတင်းတွေအရ အဆိုပါ မြန်မာလုပ်သား ၅ ဦးမှာ ကိုဗစ်-၁၉ ပိုးမတွေ့ရပေမဲ့ ကူးစက်ရောဂါကာကွယ်ရေးဥပဒေချိုးဖောက်မှု ၊ နိုင်ငံထဲတရား မဝင်နေထိုင်မှုနဲ့ ခွင့်ပြုချက်မရဘဲ နယ်မြေရွေ့ပြောင်း သွားလာမှုတွေနဲ့ အရေးယူခံရမယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ဒုတိယလှိုင်းကို ရွှေ့ပြောင်းလုပ်သားအများဆုံးနေထိုင်တဲ့ ဆမွတ်ဆာခွန်းခရိုင်မဟာချိုင်မှာ စတင်တွေ့ရှိတာကြောင့် ရွှေ့ပြောင်းလုပ်သားတွေ နယ်မြေထွက်ခွာ ရွှေ့လျားသွားလာမှုကို ကန့်သတ်ထားသလို မီးရထားစီးခွင့်ကိုလည်း ပိတ်ပင်ထားပါတယ်။
ကိုးကား- 77 Kaoded/ Matichonကိုးကား - https://www.77kaoded.com/news/kitdanai/2064412