
ထိုင်းနိုင်ငံ၊ ကန်ဖဲဖစ်မြို့ စာသင်ကျောင်းရှေ့ ကုန်းကျော်တံတားအောက်မှာ မဟာချိုင် ပုစွန်စျေးက မြန်မာလုပ်သား ၈ ယောက် ဇန်နဝါရီလ ၂၄ ရက်နေ့က လမ်းဘေးမှာ စွန့်ပစ်တာခံခဲ့ရတယ်လို့ AAC မဟာမိတ်အဖွဲ့ ထိုင်းအခြေစိုက် အလုပ်သမားကူညီရေးအဖွဲ့ရဲ့ အထွေထွေတာဝန်ခံ ဦးရဲမင်းက ပြောပါတယ်။
အဲ့ဒီနေရာက ဒေသခံတွေ မြန်မာအလုပ်သမားတွေကို မသင်္ကာတဲ့အတွက်ကြောင့် တာဝန်ရှိသူတွေကို သတင်းပေးလိုက်ပြီး ထိုင်းရဲတပ်ဖွဲ့က လာရောက်ထိန်းသိမ်း စစ်ဆေးမေးမြန်းခဲ့ရာ မဟာချိုင် ပုစွန်စျေးက အလုပ်ရှင်တစ်ယောက်က ကားပေါ်တင်လာပြီး အခုလိုလမ်းဘေးမှာ စွန့်ပစ်သွားတာ ဖြစ်တယ်လို့ သိရပါတယ်။
ထိုင်းအာဏာပိုင်တွေက မြန်မာလုပ်သား ၈ ယောက်ကို ကိုဗစ်-၁၉ ပိုးရှိမရှိ စစ်ဆေးပေးနေကာ ကွာရန်တင်းထားရှိပါတယ်။ မဟာချိုင် ပုစွန်စျေးကို lockdown ချထားတဲ့အတွက် အလုပ်မပေး နိုင်တာကြောင့် ထိုင်းအလုပ်ရှင်က အခုလိုစွန့်ပစ်တာဖြစ်တယ်လို့ ထိုင်းရောက်မြန်မာ လုပ်သားတွေကို ကူညီပေးနေတဲ့ ဦးရဲမင်းကပြောပါတယ်။
ဒါ့အပြင် လွန်ခဲ့တဲ့ ၃ ရက်ကလည်း ပုစွန်စျေးကနေ အလုပ်သမားအယောက် ၂၀ ဟာ အလုပ်ကနေ မောင်းထုတ်ခြင်းခံခဲ့ရပါသေးတယ်။ ဇန်နဝါရီလ ၂၅ ရက်နေ့အထိ lockdown ချထားတဲ့ပုစွန်စျေးမှာ ပိုးတွေ့သူပေါင်း ၁၀၀ ကျော်ရှိပါတယ်။
သတင်း - Ei Thazin Khine၊ ဓာတ်ပုံ - U Ye Min