ကိုဗစ်ကာကွယ်ဆေး ကျန်းမာရေးဝန်ထမ်းများကို ဇန်နဝါရီ ၂၇ ရက်နေ့ စထိုးပေးမည်
သူဇာလင်း
·
January 24, 2021
မြန်မာနိုင်ငံမှာ ကျန်းမာရေးဝန်ထမ်းတွေကို အခုလာမယ့် ဇန်နဝါရီ ၂၇ ရက်နေ့စတင်ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမဆုံးအကြိမ် ထိုးပေးတော့မယ်လို့ သိရပါတယ်။
ကိုဗစ်ကာကွယ်ဆေးထိုးနှံရေး ပထမအသုတ်မှာ ပါဝင်တဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ဦးစားပေးထိုးပေးသွားမယ်လို့ ဗဟိုကူးစက်ရောဂါဌာနခွဲရဲ့ တာဝန်ရှိသူကပြောပါတယ်။
လက်ရှိမှာတော့ ကာကွယ်ဆေးတွေကို တစ်နိုင်ငံလုံးမှာ တပြိုင်တည်းထိုပေးမှာလား ဒါမှမဟုတ် ရောဂါဖြစ်ပွားမှုများနေတဲ့ ပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာ စထိုးပေးမလားဆိုတာကိုတော့ အတိအကျ မသိရသေးဘူးလို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။
ကိုဗစ်-၁၉ ကာကွယ်ဆေး Covishield ကိုတော့ ကိုဗစ်ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းတွေကို လုပ်ဆောင်ပေးနေတဲ့ ကျန်းမာရေး ဝန်ထမ်းနဲ့ စေတနာ့ဝန်ထမ်းတွေကို ပထမဦးစားပေးထိုးနှံသွားမှာဖြစ်ပါတယ်။
နိုင်ငံ့တာဝန်တွေကို အရေးကြီး လုပ်ဆောင်နေတဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ဝင်တွေနဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေကို ဒုတိယဦးစားပေး အုပ်စုအဖြစ် ထိုးနှံပေးသွားမှာဖြစ်ပြီး တတိယအုပ်စုအနေနဲ့ကတော့ ရောဂါကူးစက်နိုင်တဲ့သူတွေကို ထိုးပေးဖို့ သတ်မှတ်ထားပါတယ်။
ဗဟိုအဆင့်မှာတော့ ကာကွယ်ဆေးထိုးပေးမယ့် ကျန်းမာရေးဝန်ထမ်းတွေကို ဇန်နဝါရီ ၂၃ နဲ့ ၂၄ ရက်နေ့တွေမှာ သင်တန်းပို့ချပေးနေပြီး ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာတော့ ဇန်နဝါရီ ၂၅ နဲ့ ၂၆ ရက်နေ့တွေမှာ သင်တန်းပို့ချသွားမယ်လို့ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။
ကိုဗစ်ကာကွယ်ဆေးအာနိသင် သက်ရောက်ဖို့အတွက် ပထမအကြိမ် ကာကွယ်ဆေးထိုးပြီး ၂၈ ရက် အကြာမှာ ဒုတိယအကြိမ် ထိုးရမှာဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံက ပေးပို့တဲ့ ကိုဗစ် ကာကွယ်ဆေး ၁ သန်းခွဲဟာ လူဦးရေ ၇ သိန်းခွဲကို ထိုးနှံနိုင်မှာလည်းဖြစ်ပြီး နောက်ထပ် ကာကွယ်ဆေးရောက်ရှိလာမယ်ဆိုရင်လည်း အရေးကြီးအုပ်စုအလိုက်ခွဲခြားပြီး ထိုးပေးသွားမယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ရန်ကုန်မြို့က မြို့နယ်တချို့မှာ ကာကွယ်ဆေးထိုးဖို့အတွက် စာရင်းကောက်ခံတာတွေ လုပ်ဆောင်နေပြီလည်း ဖြစ်ပါတယ်။