Homeမြန်မာသတင်း
တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်များ အန်အယ်ဒီကပဲ ဖြစ်ဖို့များမည်ဟု ဒေါက်တာဇော်မြင့်မောင်ပြော
တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်များ အန်အယ်ဒီကပဲ ဖြစ်ဖို့များမည်ဟု ဒေါက်တာဇော်မြင့်မောင်ပြော
DVB
·
January 21, 2021
အစိုးရအဖွဲ့သစ်ဖွဲ့စည်းတဲ့အခါ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီကပဲ ဖြစ်ဖို့များတယ်လို့ ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒုဥက္ကဋ္ဌ (၂) ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ နေရာတော်တော်များများ အနိုင်ရထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီအနေနဲ့ တိုင်းနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေကို ဘယ်လိုခန့်ထားမလဲ ဆိုတာ အများပြည်သူတွေက စိတ်ဝင်စားနေကြတာပါ။
ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပေးထားချက်ကိုက ဝန်ကြီးချုပ်ဆိုတာ အစိုးရဖွဲ့ရတဲ့ သူကပဲ ပေးတာဖြစ်တဲ့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကပဲ ဖြစ်ဖို့များပြီး ဇွတ်ယူတာ မဟုတ်ဘူးလို့ ဒေါက်တာဇော်မြင့်မောင်က မန္တလေးမြို့ မြန်မာနိုင်ငံ ဆရာဝန်အသင်း (မန္တလေးတိုင်းဒေသကြီး)မှာ ဇန်နဝါရီ ၂၁ ရက်က ကျင်းပတဲ့ Fever Clinic စေတနာ့ဝန်ထမ်း လုပ်အားရှင်များ ဂုဏ်ပြုပွဲ အခမ်းအနားအပြီးမှာ ပြောဆိုသွားပါတယ်။
ဒါ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အနေနဲ့ ဒေသခံတိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံနေပြီး ဒီလိုတွေ့ဆုံတာအောင်မြင်တယ်လို့ ဒေါက်တာဇော်မြင့်မောင် ပြောပါတယ်။
ပြည်ထောင်စုအစိုးရအဖွဲ့မှာ အရင်ကလည်း တိုင်းရင်းသားတွေ ပါဝင်ခဲ့ပြီး အခုဟာလည်း ပါဖို့များတယ်လို့လည်း ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ခေါင်းဆောင်တဲ့ ၃ ဦးပါ အန်အယ်ဒီ ကိုယ်စားလှယ်အဖွဲ့ဟာ ကချင်၊ ရှမ်းစတဲ့ ပြည်နယ်တွေမှာရှိတဲ့ ဒေသခံတိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံခဲ့ပြီး မွန်ပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာတော့ တွေ့ဆုံဆွေးနွေးဖို့ နှစ်ဖက်နေရာညှိနှိုင်းလို့ အဆင်မပြေလို့ ပျက်သွားခဲ့ပါတယ်။
သတင်း-နိုင်လင်းဦး
Photo - Kaung Zaw Hein / MPA