မိုင်းတုံမြို့နယ်၌ ပုပ်ပွသေဆုံးနေသည့် လူသေအလောင်း ၂ လောင်းတွေ့ရှိ
DVB
·
January 21, 2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်၊ မိုင်းဟန်ကျေးရွာအုပ်စု၊ နားကောင်းမူရွာအနီး မိုင်းဟန်ချောင်းစပ်မှာ ဇန်နဝါရီ ၂၀ ရက် ညနေပိုင်းက အသတ်ခံထားရတဲ့လက္ခဏာတွေနဲ့ ပုပ်ပွ သေဆုံးနေတဲ့ လူသေ အလောင်းနှစ်လောင်းကို တွေ့ရှိခဲ့တယ်လို့ နယ်မြေခံရဲတပ်ဖွဲ့က ပြောပါတယ်။
အလောင်းတွေကို အိတ်တွေနဲ့ထည့်ကာ စွန့်ပစ်ထားတာဖြစ်ပြီး သေဆုံးသူတွေကတော့ အမည်မသိ အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်တို့ဖြစ်ပါတယ်။
အမျိုးသမီးရဲ့ ဦးခေါင်းမှာ ဒဏ်ရာ ၁ ချက်၊ ရင်အုံထိုးသွင်း ဒဏ်ရာ ၁ ချက်၊ ဗိုက်ထိုးသွင်းဒဏ်ရာ ၂ ချက်စစ်ဆေးတွေ့ရပြီး အမျိုးသားကတော့ ခန္ဓာကိုယ်တစ်ပိုင်းစီ ဖြတ်တောက်ခံထားရကာ ခန္ဓာကိုယ်အနှံ့ ထိုးသွင်းဒဏ်ရာ လေးငါးချက် စစ်ဆေးတွေ့ရှိခဲ့ပါတယ်။
နားကောင်းမူ နယ်မြေရဲစခန်းမှ ရဲအုပ်က “သေဆုံးသူတွေက ဘယ်သူလို့ အတည်ပြုလို့ မရအောင် ပုပ်ပွနေပါတယ်။ အလောင်း နှစ်လောင်းကို တစ်နေရာစီခွဲ စွန့်ပစ်ထားပေမဲ့ အသတ်ခံ ထားရတဲ့ လက္ခဏာဖြစ်တဲ့ ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးနေတာပါ။ လက်ထိပ်တွေလည်း ခတ်ထားတယ်” လို့ ပြောပါတယ်။
သေဆုံးသူ အမျိုးသမီးဟာ အသက် ၃၀ လောက် ရှိမယ်ခန့်မှန်းရပြီး ဦးခေါင်းနဲ့ ပါးစပ်ကို သံကြိုးနဲ့ ချည်ထားပြီး လက်နှစ်ဖက်မှာလည်း လက်ထိပ်ခတ်ခံထားရပါတယ်။
သေဆုံးသူ အမျိုးသားကတော့ အသက် ၅၀ လောက်ရှိမယ်ခန့်မှန်းထားပြီး အလောင်းဟာ နှစ်ပိုင်းပြတ်နေတဲ့အပြင် လက်ထိပ်ခတ်ထားတဲ့ အပိုင်းနဲ့ ခါးအောက်ပိုင်းတွေကို အထုပ်နှစ်ထုပ်နဲ့ ခွဲထုတ်စွန့်ပစ်ထားတာဖြစ်တယ်လို့ ရဲစခန်းမှတ်တမ်းအရ သိရပါတယ်။
သီပေါမြို့နယ်၊ နမ့်လန်နယ်မြေမှာ ဇန်နဝါရီ ၁၁ ရက်ကလည်း လူ ၂ ယောက်ကို အမည်မသိ သေနတ်သမား ၂ ယောက်က ပစ်ခတ်လုပ်ကြံခဲ့တာကြောင့် တစ်ယောက်သေဆုံးခဲ့ရသလို ၂၀၁၉ ခုနှစ်ကလည်း မိုင်းတုံနယ်မြေ မဲကင်းချောင်းနားမှာ လူ နှစ်ယောက် သတ်ဖြတ်ခံခဲ့ရဖူးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဆိုပါ လူသတ်မှုဖြစ်စဉ်နဲ့ ပတ်သက်လို့ နားကောင်းမူနယ်မြေရဲစခန်းမှာ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၂ နဲ့ အမှုဖွင့် စုံစမ်းနေပါတယ်။
သတင်း- ရဲထွဋ်