Home
မြန်မာသတင်း
မူလတာဝန် ပြန်ထမ်းရန် နုတ်ထွက်စာတင်ထားသည့် BGF ကို တပ်မတော် တိုက်တွန်း
အောင်သူ
·
January 15, 2021
ကရင်နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေ နုတ်ထွက်စာတင်ထားတာ ပြန်လည်စဉ်းစားသုံးသပ်ဖို့နဲ့ မူလတာဝန်တွေ ပြန်လည်ထမ်းဆောင်ဖို့ တပ်မတော်ဘက်က ပြောဆိုခဲ့တယ်လို့ ဆွေးနွေးပွဲတက်ခဲ့တဲ့ BGF တပ်မှူး တစ်ယောက်က ဒီဗွီဘီကိုပြောပါတယ်။ နယ်ခြားစောင့်အကြီးအကဲ၊ တပ်မှူးတွေအနေနဲ့လည်း ငြိမ်းချမ်းရေးကို ပျက်ပြားသွားအောင် လုပ်မှာ မဟုတ်သလို အကောင်းဆုံးနည်းလမ်းနဲ့ ဖြေရှင်းမယ်ဆိုတာကိုလည်း တပ်ဘက်ကို ပြောဆို ခဲ့တယ်လို့ ဆိုပါတယ်။ ကရင်နယ်ခြားစောင့်တပ်၊ တပ်ရင်း ၁၃ ရင်းနဲ့ ဗဟိုအကြံပေးရေးအဖွဲ့ ၁၇ ယောက်က  ဇန်နဝါရီ ၁၄ ရက်မှာ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဆီကို နုတ်ထွက်စာတင်တာနဲ့ ပတ်သက်ပြီး ဒီကနေ့ BGFတပ်ရင်း ၁၀၁၁ မှာ လုပ်တဲ့ ဆွေးနွေးပွဲမှာ ပြောဆိုခဲ့တာဖြစ်ပြီး တပ်မတော်ဘက်က စစ်ဆင်ရေးအထူးအဖွဲ့မှူးနဲ့ တိုင်းမှူးလည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ တပ်မတော်ဘက်က ပြောဆိုခဲ့တာနဲ့ ပတ်သက်ပြီး BGF တပ်ဖွဲ့အတွင်း အစည်းအဝေး ဆုံးဖြတ်ချက်ချပြီးမှ တိတိကျကျ ပြောဆိုနိုင်မှာဖြစ်သလို တပ်မတော်ဘက်ကတော့ စီးပွားရေး လုပ်မယ်ဆိုရင် နုတ်ထွက်ဖို့ ထပ်မံပြောဆိုခဲ့တယ်လို့ နုတ်ထွက်စာတင်ထားတဲ့ ဗိုလ်မှူး နိုင်မောင်ဇော်က ပြောပါတယ်။ လက်ရှိမှာ နုတ်ထွက်စာ တင်ထားတဲ့အဆင့်သာ ရှိတဲ့အတွက် BGF တပ်ဖွဲ့အနေနဲ့ ဆက်လက်တည်ရှိနေမှာ ဖြစ်သလို နုတ်ထွက်ဖို့ တောင်းဆိုတာကလည်း အကြီးအကဲတွေ မရှိ တော့တဲ့အတွက် တောင်းဆိုတာဖြစ်ပြီး စစ်ပွဲဖြစ်ဖို့ ဦးတည်တာ မဟုတ်တာကြောင့် ပြည်သူတွေ မစိုးရိမ်ကြဖို့  ဗိုလ်မှူး နိုင်မောင်ဇော်က ဆိုပါတယ်။ BGF ခေါင်းဆောင်ပိုင်းတချို့ကို နုတ်ထွက်ခိုင်းတာကလည်း တရားမဝင်တဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေတဲ့ ခေါင်းဆောင်ပိုင်း တချို့ကိုသာ စီးပွားရေးလုပ်ရင် နုတ်ထွက်ဖို့ ပြောဆိုခဲ့တာဖြစ်ပြီး အဲဒီလုပ်ငန်းတွေမှာပါဝင်ပတ်သတ်ခဲ့တဲ့ တပ်မတော်ဘက်က တပ်မမှူး အဆင့်ရှိသူနဲ့ အရာရှိတွေကိုလည်း အငြိမ်းစားပေးတဲ့အထိ အရေးယူခဲ့ပြီးဖြစ်တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဒီဗွီဘီသတင်းဌာနကို ပြောပါတယ်။ ဒီကနေ့ဆွေးနွေးတဲ့ အကြောင်းအရာ အသေးစိတ်ကို မသိရှိသေးပေမယ့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့အနေနဲ့ ပြည်နယ်အတွင်း ဖွံ့ဖြိုးတိုးတက်ရေးနဲ့လုံခြုံရေးတွေမှာ တပ်မတော်နဲ့ လက်တွဲဆောင်ရွက်နေတာတွေကို အသိမှတ်ပြုတယ်လို့ ပြောဆိုပါတယ်။ တပ်မတော်ဘက်က နုတ်ထွက်ခိုင်းတဲ့ခေါင်းဆောင်တွေထဲမှာ ဗိုလ်မှူးကြီး စောချစ်သူ ဗိုလ်မှူး မောသို၊ ဗိုလ်မှူး စော‌တင်ဝင်းတို့ဖြစ်ပြီး တပ်နယ် ၄ တပ်မှူးဖြစ်သလို မြဝတီမြို့အခြေစိုက် နယ််ခြားစောင့်တပ် အမှတ် ၁၀၂၂ ရဲ့ တပ်ရင်းမှူးဖြစ်တဲ့ ဗိုလ်မှူး စောမောသိုကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက နုတ်ထွက်စာတင်ထားပြီး ဖြစ်ပါတယ်။ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် BGF ဟာ ၂၀၁၀ ခုနှစ်က တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် (DKBA) ကနေ ခွဲထွက်ကာ နယ်ခြားစောင့်တပ် (BGF) အဖြစ် ဖွဲ့စည်းခဲ့တာပါ။ အောင်သူ၊ ရဲမင်းခေါင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024