သိန္နီမြို့နယ်တွင် ပထမဆုံး ကိုဗစ်-၁၉ လူနာ ၁ ဦးစတင်တွေ့ရှိ
DVB
·
January 1, 2021
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့နယ်မှာ ပထမဆုံး ကိုဗစ်-၁၉ လူနာစတွေ့ခဲ့တယ်လို့ အထွေထွေအုပ်ချုပ်ရေးမှူး ဦးမြင့်ဦးက ပြောပါတယ်။
လူနာဟာ ဒီဇင်ဘာ ၂၂ နေ့က မန္တလေးက ပြန်ရောက်လာလို့ အသွားအလာကန့်သတ်ထားတဲ့ အမျိုးသမီး တစ်ယောက်ဖြစ်ပြီး လက်ရှိမှာ သူနဲ့ထိစပ်သူတွေကို စစ်ဆေးဖို့ မေးမြန်းစုံစမ်းဆဲဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်မှာ ကိုဗစ်-၁၉ ကပ်ရောဂါကို ကာကွယ်ထိန်းချုပ်နိုင်ခဲ့လို့ ပိုးတွေ့လူနာတစ်ဦးမှမရှိခဲ့ပေမဲ့ ၂၀၂၁ နှစ်စမှသာ ပထမဆုံးလူနာတွေ့ရှိခဲ့တာလို့ သိန္နီမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးမြင့်ဦးက ပြောပါတယ်။
မြို့နယ်အတွက် လိုအပ်လာမယ်ထင်လို့ PPE ဝတ်စုံ Mask နဲ့ လူနာတင်ကားတွေ အမြဲတမ်း အဆင်သင့်ပြင်ဆင်ထားတယ်လို့ အနှိုင်းမဲ့ကုသိုလ်ဖြစ်လူမှုကူညီရေးအသင်းက ပြောပါတယ်။
ပိုးတွေ့လူနာကို သိန္နီမြို့နယ်ဆေးရုံသို့ ပို့ဆောင်ထားပြီး၊ ရောဂါလက္ခဏာမပြတာကြောင့် အသည်းအသန်လူနာမှသာ လားရှိုးဆေးရုံကိုပို့ဆောင်ကုသမှာဖြစ်တယ် လို့သိရပါတယ်။
သတင်း - နန်းငြိမ်းလုံ၊ ဓာတ်ပုံ Sai Oak Soe Khant