Live
Home
မြန်မာသတင်း
ရွှေလီမြို့၌ မြန်မာယာဉ်မောင်း ၄၀ ကျော်ကို တရုတ်က ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေး
DVB
·
December 30, 2020
တရုတ်နိုင်ငံ ရွှေလီမြို့မှာ မြန်မာနိုင်ငံသား အစားထိုးယာဉ်မောင်း ၄၁ ယောက်ကို ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် အခမဲ့ထိုးနှံပေးလိုက်တယ်လို့ နှစ်နိုင်ငံနယ်စပ် ကုန်စည်ဒိုင်တွေထံကနေ သိရပါတယ်။ ဒီဇင်ဘာလ၂၈ ရက်နေ့က မူဆယ်မြို့နယ်၊ ကြူကုတ် (ပန်ဆိုင်း)မြို့ဘက်ရှိ ကျင်စန်း​ကျော့နဲ့ ဝမ်တိန်ဂိတ်က အစားထိုးမြန်မာယာဉ်မောင်း ၂၃ ယောက်နဲ့  ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ မူဆယ်မြို့၊ မန့်ဝိန်းဂိတ်က အစားထိုး မြန်မာယာဉ်မောင်း ၁၈ ယောက် စုစု​ပေါင်း ၄၁ ယောက်ကို တရုတ်ဘက်က ကာကွယ်ဆေး ထိုးနှံပေးခဲ့တာပါ။ မူဆယ် ဆန်စပါးကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက “မြန်မာနိုင်ငံသား အစားထိုးယာဉ်မောင်း ၄၁ ဦး ကို ကိုဗစ်ကာကွယ်ဆေး ပထမအကြိမ် အနေနဲ့ ထိုးပေးလိုက်တယ်။ ဒီ ၄၁ ဦးကို ၂၁ ရက်ကြာလို့ရှိရင် ဒုတိယအကြိမ် အဖြစ် ဆက်လက် ထိုးပေးပါလိမ့်မယ်။ ၄၁ ယောက်က ကျင်စန်းကျော့ အဝင်အထွက်ဂိတ်က (ဝမ်တိန်ဖရဲကွင်းမှ)  အစားထိုး ယာဉ်မောင်း ၂၃ ဦး၊ မန့်ဝိန်းပေါက် အဝင် အထွက်ဂိတ်က အစားထိုးယာဉ်မောင်း ၁၈ ဦး အားလုံး ပေါင်း ဂိတ် ၂ ဂိတ်ကို ပထမ အကြိမ်အနေနဲ့ စတင် ထိုးနှံ ပေးထားပါတယ်။” လို့ ဒီဗွီဘီကို ပြောပါတယ်။ အစားထိုး မြန်မာယာဉ်မောင်း ၄၇ ယောက်ကို ကာကွယ်ဆေးထိုးဖို့ မူလကစီစဉ်ခဲ့ပေမဲ့  ၆ ယောက်က မထိုးလိုက်ရတဲ့အကြောင်းနဲ့  ကိုဗစ်-၁၉ ကာကွယ်ဆေးအတွက် တရုတ်နိုင်ငံကပဲ ကုန်ကျစရိတ် ကျခံခဲ့တယ်လို့ဆိုပါတယ်။ ကာကွယ်ဆေးမထိုးခင် ကျန်းမာရေး စစ်ဆေးမှုတွေ အရင်ပြုလုပ်ပြီး ဆီးချို၊ သွေးချိုနဲ့ တခြားရောဂါအခံတွေရှိပါက ကာကွယ်ဆေးထိုးခွင့် မရှိပါဘူး။ နှစ်နိုင်ငံအကြားတိုက်ရိုက် ထိ​တွေ့မှုရှိတဲ့ အစားထိုး ယာဉ်မောင်းတွေကိုသာ ကာကွယ်ဆေး ထိုးပေးတာလို့လည်း မူဆယ် ၁၀၅ မိုင် သစ်သီးဝလံ ကုန်စည်ဒိုင်တာရှိသူတွေက  ပြောပါတယ်။ နှစ်နိုင်ငံအဝင်၊ အထွက်ဂိတ်ဖြစ်တဲ့ ကျင်စန်းကျော့ဂိတ်နဲ့ ဝမ်တိန်ဂိတ်မှာ အစားထိုး ယာဉ်မောင်း ၆၀ ကျော်နဲ့ မန့်ဝိန်းဂိတ်မှာ အစားထိုး ယာဉ်မောင်း ၉၀ ရှိတယ်လို့ မူဆယ်ခရိုင် ပြန်/ဆက် ကနေ သိရပါတယ်။ မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးအတွက် ဖွင့်ထားတဲ့ကုန်သွယ်ရေးဂိတ်တွေကတော့ မန့်ဝိန်း၊ နန်း​တော်၊ ဆင်ဖြူ၊ ကျင်စန်းကျော့နဲ့ ဝမ်တိန် တို့ဖြစ်ပါတယ်။ မန့်ဝိန်းဂိတ်က​တော့ ဆန် ဆန်ကွဲ၊ ​ပြောင်းနဲ့ တခြားကုန်​ခြောက်တွေတင်ပို့ပြီး ကျင်စန်း​ကျော့နဲ့ ဝမ်တိန်ဂိတ်ဘက်က​တော့ ငါးရှဉ့်၊ ဂဏန်း၊ ဖရဲ၊ သခွား စတဲ့ ကုန်စိမ်း​တွေ တင်ပို့တာဖြစ်ပါတယ်။ ကိုဗစ်-၁၉ ရောဂါ အခြေအနေကြောင့် လက်ရှိမှာ ဝမ်တိန်၊ ကျင်စန်းကျော့နဲ့ မန်ဝိန်း ၃ ဂိတ်မှာ အစားထိုးယာဉ်မောင်းစနစ်နဲ့ တရုတ်ဘက်က လက်ခံပြီး အချိန်နဲ့ ကုန်သွယ်ခွင့် ပေးထားပါတယ်။ သတင်း - Pra Jaw

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024