မုဒုံမြို့နယ်တွင် မူးယစ်ဆေးပြား ၁ သိန်းကျော်နှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ
DVB
·
December 28, 2020
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ မှိန်ကနိမ်းကျေးရွာရှိ အပါချမ်းဆီဆိုင်အနီးမှာ ဒီဇင်ဘာ ၂၇ ရက် ည ၉ နာရီလောက်က စိတ်ကြွမူးယစ်ဆေးပြား ၁ သိန်းကျော်နဲ့ လက်နက်ခဲယမ်းတွေ ဖမ်းဆီး ရမိခဲ့တယ်လို့ မွန်ပြည်နယ်မှုခင်းအကူဌာန တာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။
သံဖြူဇရပ်ကနေ မော်လမြိုင်ဘက်ကို မောင်းနှင်လာတဲ့ Probox နဲ့ Cheverolet Colorado မော်တော်ယာဉ် ၂ စီးကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက ရပ်တန့် စစ်ဆေးရာမှာ WY/R စာတမ်းပါ မူးယစ်ဆေးပြား ၉၅၀၀ ပါ ပါကင်အထုပ်ကြီး ၁၀ ထုပ်၊ WY/R စာတမ်းပါ မူးယစ်ဆေးပြား ၇၆၀၀ ၊ စုစုပေါင်း ဆေးပြား ၁ သိန်းကျော် ဖမ်းဆီးရမိခဲ့ပါတယ်။
အဆိုပါ မော်တော်ယာဉ် နှစ်စီးမှာ အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၄ ဦး တွေ့ရှိခဲ့ပြီး အမျိုးသား ၁ ဦးဖြစ်တဲ့ ချမ်းမွန်ဆီကနေ ထိုင်ဝမ်နိုင်ငံထုတ် ပစ္စတို သေနတ် ၁ လက်၊ ကျော်ဘိုဘိုဆီကနေ ဂျာမနီနိုင်ငံထုတ် ပစ္စတို သေနတ် ၁ လက် နဲ့ ကားအတွင်းမှာတော့ အမှတ် ၁၀၂၃ တပ်ရင်း BGF တံဆိပ်ပါ အစိမ်းရောင် ယူနီဖောင်း ၁ စုံ နဲ့ တူရကီနိုင်ငံထုတ် MK 12 အမျိုးအစား သေနတ် ၁ လက်နဲ့ စုစုပေါင်း ကျဉ်တောင့် ၁၈ တောင့် ဖမ်းဆီးရမိခဲ့ပါတယ်။
ဒါကြောင့် ချမ်းမွန် အပါအဝင် အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၄ ဦးကို မုဒုံမြို့မ ရဲစခန်းမှာ မူးယစ်ဆေးဝါး ဥပဒေ ပုဒ်မ ၁၉(က) ၊ ၂၀ (က) အပြင် လက်နက်အက်ဥပဒေ ပုဒ်မ ၂၁ ၊ ၂၂ (ခ) တို့နဲ့ အမှုဖွင့်အရေးယူထားပါတယ်။
သတင်း - ဇော်လွင်ထွဋ်