ကျောင်းကုန်းမြို့နယ် ဗြိုက်ကြီးကျေးရွာအုပ်ချုပ်ရေးမှူးကို အရေးယူပေးရန် တိုင်ကြား
DVB
·
December 23, 2020
ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ် ဗြိုက်ကြီးကျေးရွာအုပ်ချုပ်ရေးမှူးကို နိုင်ငံတော်ရဲ့ထောက်ပံ့ငွေတွေထဲက သိန်း ၃၀ ကို ချန်ထားတယ်ဆိုပြီး အရေးယူပေးဖို့ ပုသိမ်ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ဒေသခံပြည်သူတွေက တိုင်ကြားခဲ့ကြပါတယ်။
ကျေးရွာအတွင်း အိမ်ထောင်စုတွေကို နိုင်ငံတော်ကထောက်ပံ့တဲ့ ငွေတွေကို အကုန်မပေးဝေဘဲ ၁ ကြိမ်ကို ၁၀ သိန်းနှုန်းနဲ့ ၃ ကြိမ် ချန်ထားခဲ့တာကြောင့် အရေးယူပေးဖို့ ခုလိုတိုင်ကြားရတာလို့ ဒေသခံတွေက ပြောပါတယ်။
“ကိုဗစ်ထောက်ပံ့ကြေးငွေနဲ့ပတ်သက်ပြီး ပြည်သူတွေ၊ အခြေခံလူတန်းစားတွေ အပြည့်အဝမရရှိတာနဲ့ ပတ်သက်လို့ ဝန်ကြီးချုပ်ကို မိတ္တူပေးပို့ပြီး မြို့နယ်ထွေအုပ်ကို တိုင်ကြားခဲ့ပါတယ်။ ဒါပေမဲ့ အရေးယူမှုမရှိတဲ့အတွက် ပုသိမ်ခရိုင် အုပ်ချုပ်ရေးမှူးထံ ထပ်ဆင့်တိုင်ကြားခဲ့တာ” လို့ တိုင်ကြားခဲ့သူ ဗြိုက်ကြီးကျေးရွာ ရပ်မိရပ်ဖိ ဦစိန်သောင်းက ပြောပါတယ်။
မြို့နယ်စာရင်းဇယားအရ အိမ်ထောင်စု ၃၂၈ အိမ်အတွက် ငွေကျပ် ၆၅ သိန်း ၆ သောင်းကို အုပ်ချုပ်ရေးမှူး ဦးသန်းထွန်း လက်မှတ်နဲ့ ထုတ်ယူခဲ့ပြီး ရပ်ကျေးမှာကျတော့ နေအိမ် ၂၇၈ အိမ်ကို တစ်အိမ် ၂ သောင်းနှုန်းနဲ့ ငွေကျပ် ၅၅ သိန်း ၆ သောင်းပဲ ဝေတာကြောင့် တစ်ကြိမ်ဝေရင် ၁၀ သိန်းလောက် ငွေကွာနေပြီး ၃ ကြိမ်ဝေရင် ငွေသိန်း ၃၀ ကွာနေတဲ့အတွက် ခိုင်မာတဲ့သက်သေခံအထောက်အထားတွေနဲ့ အရေးယူပေးဖို့ တိုင်ကြားရတာလို့ ဆိုပါတယ်။
တိုင်ကြားခံရတဲ့အပေါ် ဗြိုက်ကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းက သူ့အနေနဲ့ ကျန်ရှိနေတဲ့ ကျပ်ငွေ ၁၀ သိန်းကိုကို ရသေ့ချောင်းကျေးရွာက နေအိမ် ၁၅ လုံးနဲ့ ဗြိုက်ကြီးကုန်းစုရွာက နေအိမ် ၃၅ လုံး၊ စုစုပေါင်း ၅၀ ကို တအိမ်ထောင် ၂ သောင်းနှုန်းနဲ့ ပေးဝေခဲ့တာဖြစ်ပြီး ဒေသခံတွေ နားလည်မှုလွဲပြီး တိုင်ကြားတာလို့ ပြောပါတယ်။
ဧရာဝတီတိုင်းအတွင်းရှိ မြောင်းမြ၊ ရေကြည်၊ ဘိုကလေး၊ မအူပင် စတဲ့ မြို့နယ်တွေက ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတချို့မှာ နိုင်ငံတော်ထောက်ပံ့ငွေပေးအပ်ခဲ့ရာ ပြည်သူကို အပြည့်အဝမပေးဘဲ ဖြတ်စားတာတွေရှိခဲ့လို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က စစ်ဆေးအရေးယူတာတွေ ပြုလုပ်ထားရတယ်လို့ သိရပါတယ်။
သတင်း - မင်းထက်မုန်း(ပုသိမ်)