Home
မြန်မာသတင်း
ရွေးကောက်ပွဲအသုံးစရိတ်မတင်သည့် ဗန်းမော်ခရိုင်ရှိ ကိုယ်စားလှယ်လောင်း ၂ ဦးကို အမည်ပျက် စာရင်းသွင်းရန် တင်ထား 
DVB
·
December 19, 2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အတွင်းမှာ ရွေးကောက်ပွဲအသုံးစရိတ်မတင်နိုင်တဲ့ ကိုယ်စားလှယ်လောင်း ၂ ဦးရှိပြီး အမည်ပျက်စာရင်းသွင်းဖို့ တင်ပြထားတယ်လို့ ဗန်းမော်ခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံးက သိရပါတယ်။ ကိုယ်စားလှယ်လောင်း ၂ ဦးကတော့ ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) ပါတီကနေ မံစီမြို့နယ် ပြည်သူ့လွှတ်တော် အမှတ် ၁ နေရာမှာ ဝင်ပြိုင်တဲ့ ဦးဒွဲလာနဲ့ ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီ (SNDP) ကနေ မိုးမောက်မြို့နယ်၊ ပြည်နယ် (၁) က ဝင်ပြိုင်တဲ့ ဦးဇော်ထွန်းတို့ ဖြစ်တယ်လို့ သိရပါတယ်။ ဗန်းမော်ခရိုင်အတွင်း ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်း ၉၈ ဦးရှိတဲ့အနက် သတ်မှတ်ရက်အတိုင်း ကုန်ကျစရိတ်တင်နိုင်တဲ့သူက ၉၆ ဦးရှိပြီး မတင်နိုင်တဲ့သူက ၂ ဦး ကျန်တယ်လို့ ခရိုင်ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး ဦးကျော်သိန်းဦးက ပြောပါတယ်။ “မတင်တဲ့ ၂ ဦးကို ဆက်သွယ်ပြီးပြီ၊ ဘယ်လိုမှ ဆက်သွယ်လို့မရဘူး။ အဲဒီ မတင်တဲ့ ၂ ဦးကို အရည်အချင်းပျက်စာရင်းမှာ ထည့်သွင်းကြေညာဖို့ ပြည်နယ်က UEC မှာ ဒီဇင်ဘာ ၁၅ ရက်နေ့က ကျနော်တို့ ထည့်လိုက်ပြီ။ ၁၅ ရက်အတွင်း UEC မှာ သူတို့ကို အမည်ပျက်စာရင်းမသွင်းပါနဲ့ဆိုပြီးတော့ တောင်းဆိုလို့ ရသေးတယ်။ ၁၅ ရက်ကျော်ရင်တော့ မရတော့ဘူး။ UEC ခုံရုံးအဖွဲ့က သူတို့ကို လိုအပ်တဲ့ စစ်ဆေးမှုတွေလုပ်ပြီးတော့ သူ့ကို အမည်ပျက်စာရင်းသွင်းမှာပေါ့။ တတိယအကြိမ်လွှတ်တော်သက်တမ်းအတွင်းမှာ ဘယ်နေရာမှ ဝင်ပြိုင်လို့ မရတော့ဘူး။” ရွေးကောက်ပွဲကော်မရှင်က အသုံးစရိတ်တင်ရက် နောက်ဆုံးရက်ကို ဒီဇင်ဘာ ၁၄ ရက်နေ့အထိ သတ်မှတ်ထားပြီး ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲထက် ၂၀၂၀ ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲအသုံးစရိတ် မတင်နိုင်တဲ့သူ နည်းသွားတယ်လို့ သိရပါတယ်။ ဗန်းမော်ခရိုင်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကိုယ်စားလှယ်လောင်းတွေကတော့ ပြည်သူ့လွှတ်တော်မှာ ၂၆ ဦး၊ အမျိုးသားလွှတ်တော် မှာ အယောက် ၂၀၊ ပြည်နယ်လွှတ်တော်မှာ အယောက် ၅၀ ဦး တို့ ဝင်ပြိုင်ခဲ့ကြတယ်လို့ သိရပါတယ်။ ရွေးကောက်ပွဲ ကုန်ကျစရိတ်စာရင်း မတင်သွင်းသေးတဲ့ ကိုယ်စားလှယ်လောင်း နှစ်ဦးကို ဒီဗွီဘီက မေးမြန်းဖို့ ကြိုးစားပေမဲ့ ဆက်သွယ်လို့ မရသေးပါဘူး။ သတင်း - ဇော်လင်းအောင် (ဗန်းမော်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024